အရှေ့တောဒေသက စစ်ဘေးရှောင်များ အကူအညီမရ၍ အခက်အခဲဖြစ်နေ

0
833
ပုံစာ - ထားဝယ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခု။ ဓာတ်ပုံ - ဒေါနတနင်္သာရီ

ထားဝယ်အရှေ့တောဒေသတွင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံစစ်ဘေးရှောင်များမှာ အကူအညီမရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းတို့ကဆိုသည်။

တိုက်ပွဲများကြောင့် သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ ပျဉ်းသားတော၊ ကထောင်းနီ၊ မြောင်းပြို၊ မေတ္တာစသည့် ကျေးရွာများမှ ဒေသခံထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်းဖြစ်သည်။

မိသားစုအလိုက်၊ အုပ်စုအလိုက် လုံခြုံမည်ထင်သည့် နေရာများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊‌ သောက်သုံးရေ၊ ဆေးဝါးနှင့် စောင်၊ ခြင်ထောင်၊ အမိုးအကာများကို အချင်းချင်းမျှဝေသုံးစွဲ စားသောက်နေရသည်ဟု စစ်ဘေးရှောင်နေရသူများက ဆိုသည်။

ထားဝယ်မြို့ပေါ်နှင့် အခြားနေရာများကို ထွက်ပြေးတိမ်းရှာင်သည့် စစ်ဘေးရှောင်အချို့ရှိသော်လည်း အများစုမှာ တောတောင်၊ လျှိုမြှောင်များ၊ ဥယျာဉ်ခြံရှိတဲများနှင့် သစ်ပင်အောက်တွင် အဆင်ပြေသလို နေနေကြရသည်။

“ကျွန်မတို့ကို ဦးဆောင်ကူညီပေးသူမရှိဘူး။ ကိုယ့်ဘာသာပဲ အချင်းချင်း ပတ်သက်ရာ ပတ်သက်ကြောင်း ရောက်လာကြတယ်။ ဒီရောက်လာရင် ရှိတဲ့သူတွေကလည်း ရှိသလို မရှိတဲ့သူတွေကျပြန်မျှစားပေါ့” ဟု ၎င်းက ဆိုသည်။

ဝကုန်း၊ ပျဉ်းသားတော၊ မေတ္တာစသည့်ကျေးရွာများမှ စစ်ဘေးရှောင် ၃၀၀ ကျော်ခန့်ရှိပြီး စစ်ဘေးရှောင်နေရသည်မှာ(ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၉ ရက်အထိ) ၁၀ ရက်ကျော်လာပြီဖြစ်၍ စားနပ်ရိက္ခာလိုအပ်ချက်များ ရှိလာပြီဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

ဟိန္ဒားကျေးရွာအုပ်စုဘက်ကို ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာလည်း လူဦးရေ ၆၀၀ ခန့်အထိရှိလာပြီး လတ်တလောအခြေအနေတွင် ပါလာသည့် စားနပ်ရိက္ခာများဖြင့် ရွာသားအချင်းချင်း မျှဝေစားသောက်နေသေးသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“စားဖို့သောက်ဖို့လည်း ကျွန်တော်တို့ အတတ်နိုင်ဆုံးကူညီပေးတယ်၊ သူငယ်ချင်းတွေလည်းလှူပေးတာရှိတယ်။ အခက်အခဲကတော့ စလာတဲ့နေ့တည်းကရှိတယ်၊ ကျန်းမာရေးကတော့ ဆိုးဆိုးရွားရွားတော့မရှိဘူး၊ သူတို့မှာပါလာတဲ့စားစရာတွေလည်းရှိသလို သူတို့အချင်းချင်းဝိုင်းပြီး မျှစားကြတာတွေလည်းရှိတယ်” ဟုအထက်ပါ အမျိုးသားက ပြောသည်။

ဟိန္ဒားကျေးရွာအုပ်စုဘက်သို့ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ ထွက်ပြေးတိမ်းရှောင်လာသည်မှာ သုံးလေးရက်ခန့်သာရှိသေးသည်ဟု ၎င်းက ပြောသည်။

ရွာသားအချင်းချင်း ကူညီပေးနေတာရှိသလို ပြည်ပရောက် သူငယ်ချင်း၊ မိတ်ဆွေများက ကူညီပေးဖို့ပြောဆိုထားတာရှိသည်ဟု အထက်ပါအမျိုးသားက ဆိုသည်။

လတ်တလောအခြေအနေတွင် တိုင်းအတွင်းက စစ်ဘေးရှောင်အကူညီပေးရေးအဖွဲ့များထံက အကူအညီများမရသေးကြောင်း စစ်ဘေးရှောင်နေသူများက ပြောသည်။

အကူညီလိုသူများအနေဖြင့် ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ လူမှုကွန်ရက်စာမျက်နှာ၏ မက်ဆင်ဂျာကို တိုက်ရိုက်လာရောက်ပြောဆိုဆက်သွယ်ပြီး အကူညီတောင်းခံနိုင်ကြောင်း ယင်းအဖွဲ့က မြေပြင်တာဝန်ခံ ကိုယောနသံက ပြောသည်။

“အခုချိန်မှာလုံခြုံရေးအခြေအနေအရ သွားဖို့လာဖို့ခက်ခဲတဲ့အခြေအနေမျိုးရှိနေတော့ နည်းနည်းအလှမ်းဝေးတဲ့ဒေသတွေကို ကျွန်တော် တို့အနေနဲ့ လောလောဆယ်အခြေအနေမှာ ကူညီပေးနိုင်တဲ့အခြေအနေမျိုးတော့မရှိသေးဘူး ဒါပေမဲ့နောက်ထပ် နယ်မြေတွေ တည်ငြိမ်အေးချမ်းလာပြီ ကျွန်တော် တို့လည်းသွားပြီးတော့ ကူညီပေးရတဲ့အခြေအနေမျိုးဆို သွားပြီးတော့ကူညီပေးဖို့ အဆင်သင့်ရှိတယ်ပေါ့နော်” ဟု ကိုယောနသံက ပြောသည်။

ထားဝယ်ခရိုင် လေးမြို့နယ်တွင် စစ်ဘေးရှောင်တစ်သောင်းကျော်ရှိပြီး ယခင်ကာလကတည်းက အရှေ့တောဒေသကစစ်ဘေးရှောင်များကို ပြောဆိုသော်လည်း အရေအတွက်အတိအကျကိုမူ မသိရပေ။

တနင်္သာရီတိုင်းတွင် အမြဲတမ်းစစ်ဘေးရှောင်နေရသူ ၂၀၀၀ ကျော်နှင့် ယာယီစစ်ဘေးရှောင် စုစုပေါင်း သုံးသောင်းကျော်ရှိပြီး ၎င်းတို့ကို စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအထောက်အကူ၊ စစ်ပွဲဆိုင်ရာ အသိပညာပေးဟောပြောမှုများ ကူညီပေးနေသည်ဟု အထက်ပါအဖွဲ့ထံက သိရသည်။

အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများပါ ပြုလုပ်နေခြင်းဖြစ်သည်။