မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်သော စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုကျောင်းကို AA သိမ်းယူ

0
840

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီတပ်၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းလည်းဖြစ်သည့် ယင်းကျောင်းကို စတင်တိုက်ခိုက်ပြီး ၁၀ ရက်အကြာ ဖေဖော်ဝါရီလ ၂၆ ရက်တွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တိုင်းဗဟို (၉) ကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သလို လက်နက်ကြီး ပစ်ကူအမြောက်အများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA က ဆိုသည်။

အဆိုပါ သင်တန်းကျောင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်များ၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲအတွင်း AA ဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ဖော်ပြသည်။

ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ စစ်ကောင်စီတပ် စခန်းများကို သိမ်းယူနိုင်ရန် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် မင်းပြားမြို့နယ် မင်းဖူးရွာ ဆေးရုံကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၂နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်သဖြင့် ဆေးရုံအဆောက်အအုံများစွာ ပျက်စီးသလို ဆေးကုသမှုခံယူသည့် ပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာဒဏ်ရာရကြောင်း ဖော်ပြသည်။

ယင်းအပြင် မင်းပြားမြို့နယ် သေကံကျေးရွာကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁နာရီခွဲဝန်းကျင်တွင် ဂျက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် စစ်ဘေးရှောင် ၁၀ ဦး ဒဏ်ရာရပြီး နေအိမ်၊ စာသင်ကျောင်းနှင့် စပါးကျီ ပျက်စီးဆုံးရှုံးကြောင်း AA က ထုတ်ပြန်သည်။