ထားဝယ်အရှေ့တောဒေသကို လေယာဉ်ဖြင့် ယနေ့တစ်ရက်တည်း နှစ်ကြိမ်ဗုံးလာကြဲ

0
1478

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က K8W အမျိုး အစား တိုက်လေယာဉ်ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၆ရက် ညနေ ၄နာရီခွဲခန့်တွင် ထပ်မံဗုံးလာကြဲ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်များသည့်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တောင်သုံးလုံးရွာဒေသခံတစ်ဦးတို့က ဆိုသည်။

တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာဘက်ကို စစ်‌ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက် နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ယနေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်ခန့်ကလည်း တောင်သုံးလုံးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း KNLA ထံမှ သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု ရှိမရှိကို စုံစမ်းနေဆဲဖြစ်သည်။

“လေယာဉ်နဲ့ ဗုံးလာကြဲတာပဲသိတယ်။ ဘယ်နှစ်လုံး ဘယ်နေရာဆိုတာတော့ အတိအကျမသိသေးဘူး။ အဲဒီဘက်ခြမ်းနဲ့ အဆက်သွယ် မရသေးလို့” ဟု ဝကုန်းရွာဘက်တွင်ရှိနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ယနေ့ ညနေ ၅ နာရီခွဲခန့်က ပြောသည်။

သို့သော် ယနေ့တွင် လက်နက်ကြီး ထိမှန်သဖြင့် တောင်သုံးလုံးရွာက ဒေသခံအမျိုးသားနှစ်ဦးသေဆုံးပြီး ကျောက်မဲတောင် ရွာက တစ်ဦးသေဆုံးကြောင်း တောင်သုံးလုံးရွာက စစ်ဘေးရှောင်နေသည့်အမျိုးသားတစ်ဦးက ပြောဆိုသည်။

“တစ်ယောက်က (ဗုံးခိုကျင်း) တွင်းဝမှာ စကားပြောနေတုန်း လက်နက်ကြီးကျပြီးသေတာ။ တစ်ယောက်က တွင်းဖော် နေရင်းတန်းလန်း လက်နက်ကြီးကျသေတာလို့ပြောတယ်၊ နောက်တယောက်က ကျောက်မဲတောင်က ကလေးတစ်ယောက်လို့ကြားတယ်” ဟု ၎င်းက ပြောသည်။

တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ရွှေချောင်းဘက်တွင်ရှိသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တိုက်လေယာဉ်ဖြင့် ဗုံးလာကြဲချိန်တွင် တောင်သုံးလုံးရွာအနီးရှိ ကျောက်မဲတောင်ရွာဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ယင်းနေရာအနီးရှိ မြေပြင်ရဲဘော်တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အနီးဝန်းကျင်ရွာများတွင် ဖုန်းလိုင်းပြတ်တောက်မှုများရှိနေပြီး ဆက်သွယ်ရခက်ခဲနေသည်။

ကျောက်မဲတောင်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် ယင်းစခန်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ မေတ္တာ၊ ကထောင်းနီ၊ ဟိန္ဒူးချောင်းစသည့် ကျေးရွာတို့က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူ ဆယ်နှင့်ချီရှိနေကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲအတွင်း ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှု၊ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ အသေးစိတ်ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၇ ရက်မှ စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်လည်း ကျောက်မဲတောင်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။