မွန်ပြည်သစ်ပါတီ ခွဲထွက်အဖွဲ့နှင့် NUG တို့ မဟာမိတ်ဖွဲ့ရန် သဘောတူ

0
881

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တော်လှန်ရေးလုပ်ငန်းစဉ်များ လက်တွဲဆောင် ရွက်နိုင်ရေးအတွက် ယင်းအဖွဲ့နှစ်ဖွဲ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုမွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) က ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုခေါင်းဆောင် – ၁ နိုင်ဗညားလယ်၊ ဒုအဖွဲ့ခေါင်း ဆောင် ၂- ဗိုလ်ချုပ် လယိဂကောင်းနှင့် မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရဘက်မှ မဟာမိတ်ဆက်ဆံရေးအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးနေတာ မထူးတော့ဘူး ဘာအကျိုးအမြတ်လည်းမရှိတော့ဘူး။ အကျိုးအမြတ်မရှိတော့တဲ့အတွက်ကြောင့် အခုလို့ လမ်းသစ်ဖောက်ဖို့ ဒီနည်းလမ်းသစ်ကို လုပ်ဆောင်ရတာဖြစ်တယ်” ဟု မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒု-အဖွဲ့ခေါင်းဆောင် ၁ နိုင်ဗညားလယ်က ပြောဆိုထားသည်။

နှစ်ဘက်ခေါင်းဆောင်များအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့်ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားလုံးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်သွားကြရန်လည်း နှစ်ဖက်ခေါင်းဆောင်တို့က သဘောတူခဲ့ကြသည်ဟုလည်း ရေးသားဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။