ဗီဇာရက်ချိန်း အွန်လိုင်းကလျှောက်နိုင်ဟု ထိုင်းသံရုံးထုတ်ပြန်

0
776
ဓာတ်ပုံ - AFP

ထိုင်းသို့သွားမည့်သူများပြီး ဗီဇာ (ပြည်ဝင်ခွင့်) လျှောက်သူ စုပြုံလာချိန်တွင် လူကိုယ်တိုင်လာလျှောက်နိုင်သလို အွန်လိုင်း ကလည်း ဘွတ်ကင်တင်ပြီး တိုကင်ယူနိုင်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်တွင် စစ်မှု မထမ်းလိုသည့် လူငယ်အများအပြားက အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားဝင်ထွက်ခွာနေကြသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်သူများလည်း ရှိနေသည်။

ထိုအခြေအနေတွင် တရားဝင်လမ်းက သွားလိုသူများက ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာလျှောက်သူ အဆမတန်များပြားလာခြင်းဖြစ်သည်။

အွန်လိုင်းကတဆင့် ဘွတ်ကင်တင်သည့်စနစ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး တစ်ရက်လျှင် တိုကင် နှစ်ရာအတွက် လျှောက်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါတိုကင်ကို ရက်ပေါင်း ၃၀ ကြိုတင်ရယူနိုင်ပြီး ဥပမာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တိုကင်ယူသူမှာ မတ်လ ၂၂ ရက်နေ့အထိ ရက်ရွေးခွင့် ရှိကြောင်း ထုတ်ပြန်တွင် ဖော်ပြသည်။

ဗီဇာလျှောက်သည့်ရက်တွင် ဘွတ်ကင်ရက်ချိန်းရထားသည့် စာရွက်ကို ယူလာရမည်ဖြစ်ကြောင်း ဖော်ပြသည်။

လူကိုယ်တိုင် သံရုံးသို့လာပြီး ဗီဇာအတွက် တိုကင်ယူသည့်စနစ်မှာ ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့အတွက် ဆက်ရှိနေမည်ဟု ဆိုသည်။

တစ်ရက်လျှင် တိုကင် နှစ်ရာနှုန်းဖြင့် အဆိုပါ နှစ်ရက်အတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်တွင် တိုကင်ထုတ်ပေးမည်ဟု ထုတ်ပြန်ထားသည်။

သို့ရာတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစကာ လူကိုယ်တိုင် တိုကင်ယူသည့်စနစ်မှ အွန်လိုင်းစနစ်သို့ ပြောင်းလဲရန် ရှိ မရှိကိုမူ ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။