မြိတ်ထောင်မှ အကျဥ်းသားအချို့ ကို ပြောင်းရွှေ့

0
1108

မြိတ်မြို့ရှိ အကျဥ်းထောင်မှ အကျဥ်းသားအချို့ကို ယနေ့ (ဖေဖော်ဝါရီ ၁၄) တွင် ရွှေ့ပြောင်းမှုများပြုလုပ်နေကြောင်း မြိတ်မြို့ခံများထံကသိရသည်။

အကျဥ်းသူ ၅၀ ဝန်းကျင်ခန့် အပါအဝင် အကျဥ်းသားဦးရေ ၃၀၀ ခန့် ပြောင်းရွှေ့ရာတွင်ပါဝင်ကြောင်း အတည်ပြုနိုင်ပြီး နိုင်ငံရေးအကျဥ်သားများ ပါဝင်ခြင်းရှိမရှိကိုမူ အတည်မပြုနိုင်ကြောင်း မြိတ်ထောင်မှ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

“ အကျဥ်းသားတွေကို သယ်ဆောင်သွားတာတွေ့ရတယ်။ အင်းလေးမြိုင်ဘက်ကနေ ရွှေ့ဆောင်သွားတယ်။ အင်းလေမြိုင်ဘက်ကိုရွှေ့တော့ နည်းနည်းစဥ်စားစရာရှိတယ်။ အဲဒါက မြို့ပြင်လည်းမဟုတ်ဘူး။ ရေကြောင်းနဲ့ရွှေ့ဖို့ထင်တယ်“ ဟု ၎င်းကဆက်ပြောသည်။

အကျဥ်းသားများပြောင်းရွှေ့ရန် ပြီးခဲ့သည့်လကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး ၅ နှစ်အထက် အကျဥ်းသားများကို ရွှေ့ပြောင်းရန်စီစဥ်နေကြောင်း အကျဥ်းထောင်နှင့်နီးစပ်သူများထံကသိရသည်။

ရွှေ့ပြောင်းမည့်အကျဥ်းသားများကို ကော့သောင်းထောင်နှင့်မော်လမြိုင်ထောင်များသို့ ပို့ဆောင်မည်ဟု ကြားသိရကြောင်း ၎င်းတို့ကဆိုသည်။

အကျဥ်းသားများ ရွှေ့ပြောင်းနေမှုနှင့်ပတ်သက်၍ မြိတ်အကျဥ်းထောင်ဘက်ကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် တွင် အကျဥ်းသားများရွှေ့ပြောင်းမည့် သတင်းကြောင့် အကျဥ်းသားမိသားစုဝင်အများအပြား မြိတ်အကျဥ်းထောင်ရှေ့တွင်လာရောက်စောင့်ဆိုင်းခဲ့ပြီး လုံခြုံရေးလည်း တိုးမြှင့်ထားကြောင်း မြို့ခံများကပြောသည်။