စစ်သင်္ဘောသုံးစင်းကို နစ်မြှုပ်ပြီး တစ်စင်းကိုဖျက်ဆီးခဲ့ကြောင်း AA ပြော

0
1175
ပုံစာ - တောင်ကုတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က AA က တိုက်ခိုက်သဖြင့် ထိခိုက်ပျက်စီးသည့် စစ်ကောင်စီတပ်ရေယာဉ်ကို တွေ့ရစဉ် (ပုံဟောင်း) ။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် စစ်သင်္ဘောသုံးစင်းကို နစ်မြှုပ်နိုင်ခဲ့ပြီး စစ်သင်္ဘောတစ်စင်းကို ထိခိုက် ပျက်စီးအောက် တိုက်ခိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ ရေတပ်ကို ဖေဖော်ဝါရီလ ၇ရက်နှင့် ၈ရက်နေ့တို့တွင် တန်ပြန်တိုက်ခိုက်ပြီး ကမ်းထိုးယာဉ်နှင့် နေဗီသုံးစင်းကို နစ်မြှုပ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လက်နက်မချဘဲ စစ်သင်္ဘောက ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြစ်ကြောင်းအတွင်း လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ စစ်သင်္ဘော ခုနစ်စီးကို သွားလာ၍ မရစေရန်နှင့် မြစ်အတွင်းရေချ၍ မရစေရန် ပြုလုပ်နိုင်ခဲ့ကြောင်းလည်း AA က ဆိုသည်။

ဖေဖော်ဝါရီလ ၈ရက်နေ့သည် AA သမိုင်းတွင် ပင်လယ်ပြင်တိုက်ပွဲ၌ စစ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီး အနိုင်ရခဲ့သည့်နေ့ဖြစ်ကြောင်း ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းအားလုံးကို သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၈ရက်က ရမ်းဗြဲမြို့တွင် စစ်သင်္ဘောနှင့် စစ်ကောင်စီတပ်စခန်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ် သလို ဖေဖော်ဝါရီလ ၇ရက်နေ့ကလည်း ရမ်းဗြဲမြို့ပတ်ဝန်းကျင်ကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း ဖော်ပြ သည်။

ဖေဖော်ဝါရီလ ၈ရက်တွင် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ရသေ့တောင်မြို့ပေါ်တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသလို လေကြောင်းဖြင့် လည်း ပစ်ခတ်ခဲ့ကြောင်း AA က ဆိုသည်။

တောင်ကုတ်မြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုမှုများရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကျေးရွာအချို့ကို ပစ်ခတ်သဖြင့် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။