အရှေ့တောဒေသခံ ၅၀ ခန့် စစ်ကောင်စီတပ် ဖမ်းဆီး၊ သုံးဦးပြန်မလွတ်သေး

0
477

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသည့်လမ်းတစ်လျှောက် ထားဝယ်၊ အရှေ့တောဒေသခံ ငါးဆယ်ခန့်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဒေသခံသုံးဦးကိုမူ ဆက်လက်ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်အတွင်း အရှေ့တောဒေသခံ ငါးဆယ်ခန့်ကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

“ဖမ်းခေါ်သွားတဲ့ထဲ ကျွန်တော့်တူတစ်ယောက်လည်းပါတယ်၊ ရိုက်နှက်ထုထောင်းတာတော့မရှိဘူးတဲ့ ရိက္ခာတွေသယ်ခိုင်းတယ်လို့ပြောတယ်” ဟု ဘဝပင်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဘဝပင်ရွာနှင့် ကင်ပွန်းချုံအပိုင်းက ခဲယင်း(ခဲကျင်)နေသူများနှင့် ဥယျာဉ်ခြံအတွင်း ကွမ်းသီးလုပ်နေသူ ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပခပ်ရွာမှ အမျိုးသား ၅ ဦး ကိုလည်းဖမ်းဆီးခဲ့သည်ဟု ယင်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပကာရီကျေးရွာကို ရောက်သည့်အခါ ဖမ်းဆီးခေါ်ဆောင်လာသူများအားလုံးကို ပြန်လွှတ်ပေးလိုက်သော်လည်း ပခပ်ရွာက အမျိုးသားနှစ်ဦးနှင့် ဘဝပင်ရွာက အမျိုးသားတစ်ဦးမှာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံတို့က ပြောသည်။

“သူတို့နှစ်ယောက်က ပခပ်ရွာသားတွေပဲ၊ ငါးရှာဖားရှာရင်းစစ်ကြောင်းနဲ့တွေ့ပြီးဖမ်းခံရတာ၊ တစ်ယောက်က တောကောင်လိုက်တဲ့ အမဲလိုက်မုဆိုးလုပ်တယ်” ဟု ပခပ်ရွာက အမျိုးသားက ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်တွင် ပကာရီရွာ ဥယျာဉ်ခြံများတွင် ကွမ်းသီးနှင့် ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်သူ ဒေသခံ ၂၀ ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ရေဝိုင်းရွာနားအထိ ဖမ်းဆီးခေါ်ဆောင်ပြီး ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ပကာရီကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အားလုံးနှစ်ဆယ်လောက်ရှိတယ်၊ ရိက္ခာတွေထမ်းခိုင်း ပိုးခိုင်းတယ်တဲ့၊ တောလမ်းကနေပတ်ပြီးသွားတယ်လို့ပြောတယ်၊ (မနေ့က) နေ့လယ်စာထမင်းလည်း မစားကြရဘူးတဲ့၊ လူတွေလည်း ထမင်းကလည်း မစားရ ပတ်ပြီးသွားနေတော့ ခရီးကလည်း တော်တော်ဝေးဆိုတော့ တော်တော်လေး ပင်ပန်းကုန်တယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်ကလည်း ကာရီရွာအနီး ဥယျာဉ်ခြံတွင်းတွေ့သည့် ဒေသခံအမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးနှင့် ပခပ်ရွာက အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။

ဇန်နဝါရီလ ၃၀ ရက်က ဝကုန်းနှင့် ဘဝပင်ရွာကြားတွင် အဆိုပါစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သေးသည်။