လောင်းလုံးက Non-CDM ဝန်ထမ်းနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထား

0
2878

ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် လောင်းလုံး‌မြို့ပေါ်တိုက်ပွဲတွင် Non-CDM ဝန်ထမ်းနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

မြို့ခံများ၏အဆိုအရ ဖမ်းဆီးခံရသူနှစ်ဦးမှာ မြို့နယ်စာရင်းစစ်ရုံးမှ ဝန်ထမ်းများဖြစ်သည်ဟုဆိုသည်။

အဆိုပါဝန်ထမ်းနှစ်ဦးမှာ စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာတွင် ရှိနေချိန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူကလည်း Non-CDM ဝန်ထမ်းနှစ်ဦးကို ဖမ်းခေါ်သွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

သို့သော် အသေးစိတ်အခြေအနေကိုမူ ပြောဆိုခြင်းမရှိသေးဘဲ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Dawei Watch ၏ သီးခြားစုံစမ်းချက်အရ ဖမ်းဆီးခံရသူများမှာ မြို့နယ်စာရင်းစစ်ရုံးမှ အသက် ၅၀ ကျော်အရွယ် ဒုဦးစီးမှူး ဒေါ်မေနွဲ့နှင့် အခြားဝန်ထမ်းတစ်ဦးဖြစ်‌ကြောင်း သိရသည်။

ယင်းနေ့က လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံး နှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်များက တစ်ချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခဲ့သည်။

၅ နာရီကျော်ကြာသည့် အဆိုတိုက်ပွဲအတွင်း စရဖရုံး အပါအဝင် မြို့နယ် စာရင်းစစ်ရုံးက စာရွက်စာတမ်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်ကလည်း စစ်သင်္ဘောမှ လက်နက်ကြီးပစ်ကူများသုံးကာ အပြင်းအထန်းပြန်လည်ပစ်ခတ်ခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ပြည်သူနေအိမ်များ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့သည်။