ဟိုတယ်ထားဝယ်ပိုင်ရှင် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက တရားသေလွှတ်

0
1042

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုစသော အမှုများဖြင့် ဖမ်းဆီးခံထားရသော ဟိုတယ်ထားဝယ်ပိုင်ရှင် ထွန်းမင်းလတ်ကို ထိုင်းတရားရုံးက ယနေ့(ဇန်နဝါရီ ၃၀) တရားသေ ပြန်လွှတ်ပေးလိုက်ကြောင်း REUTERS သတင်းဌာနတွင်ဖော်ပြထားသည်။

ထိုင်းမှုခင်းတရားရုံးက လုံလောက်သော သက်သေအထောက်အထားများ မရှိဟုဆိုကာ ဖမ်းဆီးခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် တရားသေ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စီးပွါးဖက်ဖြစ်သော အသက် ၅၄ နှစ်အရွယ် ထွန်းမင်းလတ်ကို ပြီးခဲ့သော၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ကက ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှုများဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ထွန်းမင်းလတ်ကို အနည်းဆုံးထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု နှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတို့ဖြင့် ၂၀၂၂ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထားခဲ့ခြင်းဖြစ်သည်။

၎င်းနှင့်အတူ ဥပကစ်၏ သမက်ဖြစ်သူအပါအဝင် လုပ်ဖော်ကိုင်ဖက် ၃ ဦးကို ဘန်ကောက်မြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှုများစွာကိုလည်း သိမ်းဆည်းခံထားရသည်။

သိမ်းဆည်းခံရသော ပိုင်ဆိုင်မှုများတွင် စစ်ကောင်စီခေါင်းဆောင်၏သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်သော အိပ်ခန်းလေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုခန်းတစ်ခန်းနှင့် သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်၏ Siam Commercial Bank ၏ ဘဏ်စာအုပ်နှစ်အုပ် ပါဝင်နေကြောင်း Justice For Myanmar က ထုတ်ပြန်ခဲ့သည်။

ထွန်းမင်းလတ်သည် ဟိုတယ်လုပ်ငန်းအပါအဝင် စွမ်းအင်နှင့်သတ္တုလုပ်ငန်းများ လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး မြန်မာစစ်တပ်အတွက် လက်နက်ပွဲစား လုပ်ကိုင်ပေးသူ တစ်ဦးလည်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုင်း အထက်လွှတ်တော်အမတ် ဥပကစ်သည်လည်း ထွန်းမင်းလတ်နှင့်ဆက်နွယ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ငွေကြေးခဝါချမှုတွင် ပူးပေါင်းပါဝင်မှုဖြင့် လွန်ခဲ့သောလက စွဲချက်တင်ခံထားရပြီး ပထမအကြိမ် ကြားနာမှုကို မေလတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းတွင်ဖော်ပြထားသည်။

Ref: REUTERS