မင်းပြားမြို့က စစ်ကောင်စီတပ်ရင်းကို AA သိမ်းယူ၊ ရမ်းဗြဲမြို့တွင် ဓာတုအဆိပ်ငွေ့သုံးတိုက်ခိုက်ဟုဆို

0
919

ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၈၀ ကို ဇန်နဝါရီလ ၂၈ ရက်တွင် သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။

လေကြောင်း၊ ရေကြောင်း ပစ်ကူတို့ဖြင့် စစ်အင်အားဖြည့်တင်းကာ စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း AA က သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မင်းပြားမြို့ ကျိန်းတောင်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ်ရင်း ၃၇၉၊ ၃၈၀၊ ၅၄၁ တို့ကို AA က ဇန်နဝါရီလ ၁၀ ရက်တွင် စတင်ခိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စတင်တိုက်ခိုက်ပြီး ၁၈ရက်အကြာတွင် ခမရ ၃၈၀ တပ်ရင်းကို စတင် သိမ်းယူ နိုင်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ပေါက်တောမြို့ကို AA သိမ်းယူထားပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပေါက်တောမြို့တွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်နေသေးကြောင်း ဆိုသည်။

မြောက်ဦးမြို့တွင် ခမရ ၃၇၇၊ ၅၄၀ တပ်ရင်းနှင့် အမှတ် (၃၁) ရဲ တပ်ရင်းတို့က ဇန်နဝါရီလ ၂၈ရက်က လက်နက်ကြီးဖြင့် မြို့ကို ပစ်ခတ်သဖြင့် အရပ်သားလေးဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာရကာ နေအိမ် ၂၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ထုတ်ပြန်ထားသည်။

ရမ်းဗြဲမြို့တွင် တိုက်ပွဲကြီးကြီးမားမား မရှိသော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်မှုမှာ ရက်သတ္တတစ်ပတ်ခန့် ရှိနေပြီဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအပြင် ဂျက်တိုက်လေယာဉ်များဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်လာကြောင်းလည်း ဆိုသည်။

ဇန်နဝါရီလ ၂၇ရက်နှင့် ၂၈ရက်တို့တွင် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်တံတားစခန်းအနီးတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွား ကြောင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအချို့ရှိသည်ဟုလည်း ဖော်ပြသည်။