မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗျူဟာကုန်းကို မီးရှို့ပြီးစွန့်ခွာထွက်ပြေးဟု AA ပြော

0
804

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယောချောင်းဗျူဟာကုန်းကို စွန့်ခွာထွက်ပြေးသဖြင့် ရက္ခိုင့် တပ်တော် AA က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့က ဇန်နဝါရီလ ၂၆ရက်က ပူးတွဲထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၂၆ ရက်တွင် ယောချောင်းဗျူဟာကုန်းနှင့် အနီးအနားရှိ စခန်းကုန်းများက ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်များ အပါအဝင် လက်နက်ခဲယမ်းများကို မီးရှို့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားကြောင်း ဖော်ပြသည်။

AA က လိုက်လံပစ်ခတ်တိုက်ခိုက်သဖြင့် စစ်သင်္ဘောပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးခဲ့သည်ဟုလ်း ဆိုသည်။

အပစ်ရပ်သဘောတူညီချက်ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ကြီးကြီးမားမား မရှိတော့သော်လည်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲ ပြင်းသထက်ပြင်းထန်လာကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ထုတ်ပြန်သည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းက ဖျက်အားပြင်းဗုံးများဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၅ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်တွင် အမျိုးသမီး တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရသလို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုကြောင့် မင်းပြားမြို့နယ်တွင် ဒေသခံသုံးဦး သေဆုံးကြောင်း မြောက်ပိုင်းမဟာမိတ်တို့က ထုတ်ပြန်ထားသည်။