NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းတပ် စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဟုကြေညာ

0
1330
ပုံစာ - ပအိုဝ်းတပ် တပ်ဖွဲ့ဝင်များ။ Photo - PNLA News & Information Department

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA/PNLO) သည် ညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဖြစ်ကြောင်း PNLO က ဇန်နဝါရီလ ၂၆ရက်တွင် ကြေညာသည်။

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးတွင် လက်နက်စွဲကိုင်တော်လှန်ကြသော်လည်း PNLO က ပါဝင်ခြင်း မရှိဘဲ NCA အတိုင်း ရပ်တည်ကာ စစ်ကောင်စီနှင့် နိုင်ငံရေးဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

သို့သော် အာမခံချက်ရှိသည့် နိုင်ငံရေးရလဒ် တစ်စုံတစ်ရာ မရရှိကြောင်း PNLO က ဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်တွင်မူ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူး(လုံးဟီး) ကျေးရွာတွင် ပအိုဝ်းတပ် ယာဉ်တန်းကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO ပိတ်ဆို့ ဟန့်တားရာမှ တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဖော်ပြသည်။

စစ်မီးဆက်လက် မကူးစက်စေရန် စစ်ကောင်စီနှင့် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရသည့်အပြင် ဇန်နဝါရီလ ၂၂ ရက် ညတွင် PNLO ဗဟိုဌာနချုပ် အဝိုင်းအဝန်းရှိ နော်ထော်ရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLO က ဆိုသည်။

ယင်းနောက် ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲဖြစ်လာခြင်းဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်သွားတော့မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ခလရ ၄၂၄ တပ်ရင်းကို ပအိုဝ်းတပ်က သိမ်းယူထားပြီး ဆီဆိုင်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများကို စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဇန်နဝါရီလ ၂၅ရက်နှင့် ၂၆ ရက်တို့တွင် လာရောက်တိုက်ခိုက်ခဲ့ ကြောင်း ပအိုဝ်းတပ်ထံမှ သိရသည်။