ချွန်ဘူရီတွင် ကားမှောက်မှုကြောင့် မြန်မာလုပ်သားများ အပါအဝင် ၂၃ ဦး ဒဏ်ရာရ

0
1049

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားမှောက်မှုကြောင့် ယာဉ်ပေါ်ပါ မြန်မာအလုပ်သမားများအပါအဝင် ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ချွန်ဘူရီခရိုင် စီရာချားဒေသ ဘော်ဝင်းရပ်ကွက်ရှိ လမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ပစ်ကပ်ကားတစ်စီး ကားဘီးပေါက်ပြီး မှောက်သွားခြင်းဖြစ်သည်။

ကားမှောက်မှုကြောင့် မြန်မာနှင့် ထိုင်းအလုပ်သမား ၂၃ ဦးမှာ ဦးခေါင်းနှင့် ခြေလက်များတွင် ဒဏ်ရာရရှိခဲ့သဖြင့် ရှေးဦးပြုစုကုသပေးပြီးနောက် နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကားပေါ်တွင် မြန်မာနှင့် ထိုင်းအလုပ်သမား အားလုံး ၂၆ ဦး လိုက်ပါလာခဲ့ပြီး ချွန်ဘူရီခရိုင်ရှိ လုပ်ငန်းခွင်တစ်ခုသို့ အလုပ်လုပ်ရန်သွားစဉ် လမ်းတွင် ကားဘီးပေါက်သဖြင့် အရှိန်မထိန်းနိုင်တော့ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားတစ်ဦးကဆိုသည်။

ကားမှောက်မှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း ဖတ်ထလူခရိုင်တွင် ကားနှစ်စီးတိုက်ပြီး မြောင်းထဲကျမှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား ၈ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

Ref: Matichon Online, CH 8, Amarin TV