ဘန်ကောက်တွင် မြန်မာတစ်ဦးကို အပိုင်းပိုင်းခုတ်ဖြတ်ပြီး ရေခဲသေတ္တာထဲထည့်ထား

0
1277

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုတွင် အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံထားရသော မြန်မာအလုပ်သမားတစ်ဦး၏ အလောင်းကို ရေခဲသေတ္တာ (Freezer) ထဲတွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့အပြင်ဘက် ဘန်ခွန်ထီယမ်နယ်မြေရှိ အဆောက်အအုံတစ်ခု၏ အခန်းထဲတွင် ဇန်နဝါရီလ ၂၁ ရက်နေ့က ခန္ဓာကိုယ်အစိတ်အပိုင်း ၆ ခုကို ရေခဲသေတ္တာအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရေချိုးခန်းအတွင်းတွင်လည်း သွေးများကို တွေ့ရှိခဲ့ရပြီး အနီးက စက္ကူပုံးထဲတွင် လွှစက်တစ်ခုနှင့် ဓါးနှစ်ချောင်းကိုလည်း တွေ့ရှိခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။

အဆိုပါအဆောက်အအုံသည် အိန္ဒိယနိုင်ငံသားတစ်ဦးက အလုပ်ရှာဖွေရေးရုံးကဲ့သို့ ဖွင့်လှစ်ထားသော အဆောက်အအုံဖြစ်ပြီး အလုပ်သမားများ အလုပ်မရမီ နေထိုင်ရန်နှင့် စာရွက်စာတမ်းများ ပြုလုပ်ရန် ငှားရမ်းထားသောနေရာဖြစ်သည်။

ယင်းအိန္ဒိယနိုင်ငံသားသည် မြန်မာနိုင်ငံသား ငါးဦးနေထိုင်ရန်အတွက် ယင်းအခန်းကို ပြီးခဲ့သည့်ကြာသပတေးနေ့က ခေတ္တငှါးရမ်းပေးခဲ့ခြင်းဖြစ်ဟုဆိုသည်။

သောကြာနေ့မနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသားသည် မြန်မာအလုပ်သမား လေးဦးကို အလုပ်ရှာပေးရန် ခေါ်ထုတ်သွားခဲ့ပြီး အခန်းတွင် မြန်မာနိုင်ငံသား တစ်ဦးတည်း ကျန်နေခဲ့ကြောင်း ဖော်ပြထားသည်။

စနေနေ့ ညဘက် ၁၀ နာရီခန့်တွင် အလုပ်သမားများသည် ပိုင်ဆိုင်သည့်ပစ္စည်းများသိမ်းရန် အခန်းပြန်ရောက်လာခဲ့ရာ အပြင်က သော့ခတ်သွားသဖြင့် အခန်းအတွင်း ဝင်မရဖြစ်ခဲ့ကြောင်း ကျန်ခဲ့သော မြန်မာနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရသဖြင့် အဆောက်အဦး ပိုင်ရှင်ကို ပြောကာ သော့ဖျက်ဝင်ခဲ့ပြီးနောက် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသားသည် သောကြာနေ့ညဘက်က ကားတစ်စီးဖြင့် မောင်းထွက်သွားခဲ့ပြီး သူ့ပုံစံသည် ပြာယာခတ်နေကာ တံခါးစောင့်ပိတ်၍ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က စစ်ဆေးလိုက်သောအခါ အိန္ဒိယနိုင်ငံသားသည် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုင်းအာဏာပိုင်များက အိန္ဒိယနိုင်ငံသားကို စစ်ဆေးမေးမြန်းနိုင်ရန်အတွက် တည်နေရာသိနိုင်ရန် အိန္ဒိယအာဏာပိုင်များကို အကူအညီတောင်းထားကြောင်း ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့များက ယင်းအန္ဒိယနိုင်ငံသားကို ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော စာရွက်စာတမ်းကုန်ကျစရိတ်များ၊ လိင်တူဆက်ဆံရေးများနှင့် ပတ်သက်ပြီး သံသယဖြစ်စရာ နှစ်ချက်ဖြင့် ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း ဖော်ပြထားသည်။

Ref: Khaosod Online, MGR Online, Bangkok Post