ကလိန်အောင်တွင် ယာယီသွားလာခွင့် ပိတ်ထားသည့် ဥယျာဥ်ခြံများ ပြန်လည်လုပ်ကိုင်

0
739
ပုံစာ - ကလိန်အောင်မြို့အဝင်တံတား ညပိုင်းမြင်ကွင်း (ပုံအဟောင်း)

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ ၊ ဇင်းဘာရွာ ပတ်ဝန်းကျင်တွင် စစ်ကောင်စီက ယာယီ သွားလာလုပ်ကိုင်ခွင့် ကန့်သတ်ထားသည့် ဥယျာဥ်ခြံများ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း ဥယျာဥ်ခြံရှင်များထံမှသိရသည်။

ကလိန်အောင်အခြေစိုက် ခမရ ၄၀၉ စစ်ကောင်စီတပ်ရင်း ဇန်နဝါရီလ ၂ ရက်နေ့က ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်နှင့် လက်နက်ကြီးစမ်းသပ်ပစ်ခတ်ရန် အကြောင်းပြချက်ဖြင့် ဇန်နဝါရီလ ၁၄ ရက်အထိ ဥယျာဥ်ခြံများသွားလာခွင့် ကို စစ်ကောင်စီက နှုတ်မိန့်ဖြင့်ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။

“ မသွားနဲ့ပြောတုန်းကလည်း စာထုတ်ပြီးတားတာတော့မဟုတ်ဘူး။ အခုလ ၁၅ ရက်နောက်ပိုင်းကတော့ ပစ်သံခတ်သံတွေလည်းမကြားရတော့ဘူး ။ ပြီးတော့သူတို့(စစ်တပ်) ကန့်သတ်ထားတာက ၁၄ ရက်နေ့အထိပဲ ဆိုတော့ ခြံသမားတွေအလုပ်ပြန်လုပ်နေကြပြီ” ဟု ဥယျာဥ်ခြံရှင်တစ်ဦးကပြောသည်။

ဇန်နဝါရီလဆန်းမှစ၍ ၁၅ ရက်နေ့ညအထိ ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်သံများ ညစဥ်ကြားရကြောင်းမြို့ခံများက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်ညက ကလိန်အောင်မြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ အထက ကျောင်းအနီးရှိ မာလာရေအိုင်အတွင်း လက်နက်ကြီးကျည်ဆန်တစ်လုံး ကျခဲ့ကြောင်း အမှတ် ၃ ရပ်ကွက်နေ ပြည်သူများထံမှ သိရသည်။

“ ဗုံးသီးတစ်လုံး ရေအိုင်ထဲလာကျတယ်။ ၁၅ ရက်နေ့ ည ၇ နာရီလောက်ပဲရှိသေးတယ်။ ရေအိုင်ထဲကျလို့ထင်တယ် ဘာမှတော့မဖြစ်သွားဘူး။ ၁၅ ရက်နေ့နောက်ပိုင်းကတည်းက ညပိုင်းပစ်သံခတ်သံ မကြားရတော့ဘူး “ ဟု အမှတ် ၃ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။

အာဏာသိမ်းပြီးနောက် ကလိန်အောင်မြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီးပစ်ခတ်ခြင်း နှင့် အပြန်အလှန်ထိတွေ့ ပစ်ခတ်ခြင်းများရှိခဲ့သော်လည်း မြို့ပေါ် လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည်ဆန် ကျရောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု မြိုခံများထံကသိရသည်။