မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန် ကွယ်လွန်

0
754

မွန်ပြည်သစ်ပါတီ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌနိုင်ထောမွန်သည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က ထိုင်းနိုင်ငံ၊ စံခလပူရီ (ဝင်းက)ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။

နိုင်ထောမွန် ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီး လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

နိုင်ထောမွန်သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့ ဖခင် ဦးသောင်းစိန်၊ မိခင် မိငွေကြည်တို့မှ ၁၃၀၈ ခုနှစ်တွင် မွေးခဲ့ပြီး ဒုတိယမြောက်သားဖြစ်သည်။

နိုင်ထောမွန်သည် ကမာဝက်‌ကျောင်းတွင် မူလတန်းမှ အထက်တန်းအထိ တက်ရောက်ပညာသင်ကြားခဲ့ပြီး ၁၀ တန်းကို မုဒုံမြို့ အထက (၁) ကျောင်းတွင် အောင်မြင်ခဲ့သူဖြစ်သည်။

နိုင်ထောမွန်သည် ၁၉၆၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာခဲ့ပြီး ပါတီတွင် ဆက်သွယ်ရေး တပ်သားအဆင့်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌနှင့် ဗဟိုစစ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ၄ ဦးမြောက် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌအဖြစ် ရွေးချက်တင်မြှောက်ခံခဲ့ရသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ပါတီညီလာခံတွင် ကျန်းမာရေးအရ နိုင်ထောမွန်ကို ပါတီဂုဏ်ထူးဆောင်ဥက္ကဋ္ဌကြီးအဖြစ် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည်။

နိုင်ထောမွန်၏ ရုပ်ကလာပ်ကို စံခလပူရီဆေးရုံမှ ထိုင်း-မြန်မာနယ် ဘုရားသုံးဆူမြို့နယ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ ဂျပန်ရေတွင်းကျေးရွာတွင် သယ်ဆောင်ထားရှိသွားမည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။

နိုင်ထောမွန်၏ စျာပနအခမ်းအနားကိုလည်း ဂျပန်ရေတွင်းကျေးရွာ၌ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားပြီး စျာပနအခမ်းအနားမတိုင်ခင်ထိ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌကြီးကို လာရောက် ဂါရဝပြုနိုင်သည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

ဂုဏ်ထူးဆောင်ဥက္ကဋ္ဌကြီး ကွယ်လွန်သွားသည့်အပေါ် မွန်ပြည်သစ်ပါတီသာမက မွန်တမျိုးသားလုံးအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

နိုင်ထောမွန်သည် ကွယ်လွန်ချိန်တွင် ဇနီး၊ သမီးတစ်ဦးနှင့် သားနှစ်ဦးတို့ ကျန်ရစ်ခဲ့သည်။