ထားဝယ်တွင် ဝက်သားဈေး ထက်ဝက်ခန့်ထပ်ကျ

0
4726

ဝက်သားစျေးဆက်တိုက် ကျဆင်းနေသည့် ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်သုံးလခန့်ကထက် ဝက်သားဈေးထက်ဝက်ခန့် ထပ်မံကျသွားကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် အောင်တိုဘာလခန့်က ဝက်သားတစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ယခု ဇန်နဝါရီလတွင် တစ်ပိဿာ တစ်သောင်းကျပ်သာ ရှိတော့ကြောင်း ဝက်သားရောင်းချသူတစ်ဦးက ပြောသည်။

သို့သော် ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးများတွင် လိုင်စင်ရလုပ်ငန်းရှင်များက ရောင်းချသည့် ဝက်သားတစ်ပိဿာဈေးမှာ ၁၅၀၀၀ ကျပ် ခန့်ရှိနေသေးသဖြင့် အများစုက စျေးသက်သာသော နယ်စျေးကွက်မှတစ်ဆင့် ဝယ်ယူလာကြသည်။

“ဝက်က ဈေးတက်မှရောင်းမယ်ဆိုပြီး ထားလို့မရဘူး ဆက်မွေးလေအစာဖိုးကုန်လေပဲ။ ဒိုင်မှာရောင်းရင်လည်း မျက်နှာငယ်ပြီးရောင်းရတယ်။ ဈေးမပေးဘူးလေ။ ကိုယ့်ဘာသာကိုယ်သတ်ရောင်းရင် နည်းနည်းပိုရတယ် ” ဟု ၎င်းကပြောသည်။

‌ထားဝယ်ဝက်ဈေးကွက်တွင် ရောင်းလိုသူများပြီး ဝယ်လိုသူနည်းနေသဖြင့် ဝက်ဈေးကျနေခြင်းဖြစ်ကြောင်း ဝယ်အဝယ်ဒိုင် တစ်ဦးကပြောသည်။

“အခုက အဝယ်ဈေးကွက်ပျက်နေပြီပြောလို့ရတယ်။ လာရောင်းတဲ့သူများတယ်။ ကျွန်တော်တို့လည်း ဝယ်မပေးနိုင်ဘူး။ တစ်နေ့မှာ ဝက်နှစ်ကောင်လောက်ပဲဖြုန်းအားရှိတော့။ ရွာမှာပဲသူတို့ဘာသာသူတို့ ပေါ်ပြီး ဖြစ်သလိုရောင်းနေတော့ ဈေးမရှိပဲဖြစ်နေတာ” ဟု ဝက်ဒိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယခင်က ဝက်သားတစ်ပိဿာ ဒိုင်ဝယ်ဈေးမှာ ၁၂၀၀၀ ကျပ်ခန့်ရှိရာမှ ပြီးခဲ့သည့်နှစ် အောက်တိုဘာမှစပြီး ၄၀၀၀ကျပ်သာ ပေးသဖြင့် ဝက်မွေးမြူရေးသမားများ အခက်အခဲဖြစ်ကြရခြင်းဖြစ်သည်။

ရောင်းတန်းဝင် ပိဿာချိန် ၆၀ ခန့်ရှိသည့် ဝက်တစ်ကောင်ကို အနည်းဆုံး ၄ လခန့်မွေးရပြီး အစာစရိတ် တစ်နေ့ကျပ် ၄၀၀၀ ခန့်ကုန်ကျသဖြင့် ရောင်းတန်းဝင်ချိန်အထိ စုစုပေါင်း စရိတ်မှာ ကျပ်ငါးသိန်းခန့် ကုန်ကျသည်ဟုဆိုသည်။

ယခုဝက်တစ်ကောင်ရောင်းပါက ကျပ်သုံးသိန်းဝန်းကျင်ခန့်သာ ရသည့်အတွက် ထက်ဝက်ခန့်ရှုံးနေကြခြင်းလည်း ဖြစ်သည်။

ရောင်းတန်းဝင်ဝက်တစ်ကောင်ကို ကိုယ်တိုင်သတ်ရောင်းပါက အရိုးတစ်ပိဿာ ကျပ် ၆၀၀၀ ခန့်နှင့် အသားတစ်ပိဿာ ကျပ် တစ်သောင်းကျော်ခန့်ရရှိကြောင်းသိရသည်။

ထို့ကြောင့် ဝက်သားဈေးကွက်တွင် ကိုယ်တိုင်သတ်ရောင်းသူများလာပြီး ဝက်သားဈေးကျဆင်းလာခြင်းလည်း ဖြစ်သည်။