မွန်ပြည်သစ်ပါတီ ခေါင်းဆောင်ပိုင်းရွေးချယ်မှုပြီးစီး၊ ခေါင်းဆောင်အပြောင်းအလဲမရှိ

0
702

ကျင်းပလျက်ရှိသည့် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်ရွေးချယ်မှု ဇန်နဝါရီလ ၁၁ရက်တွင် ပြီးစီးသွားပြီဖြစ်ပြီးခေါင်းဆောင်အပြောင်းအလဲ မရှိကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇွဲယျ၊ တွဲဘက်အတွင်းရေးမှူး နိုင်ဝင်းလှတို့သာ ပြန်လည် ရွေးချယ်ခံရသလို ကျန်ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း အပြောင်းအလဲမရှိဘဲ ပြန်လည်ရွေးချယ်ခံရသည်။

ယခုညီလာခံက ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦး ထပ်တိုးရွေးချယ်ခဲ့ပြီး ပါတီကို ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ထပ်တိုးရွေးချယ်ခံရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂ ဦးသည် မိစားတားနှင့် ဒုစစ်ဦးစီးချုပ် ဗညားချမ်းနွန်တို့ ဖြစ်သည်။

ပါတီ ၁၁ ကြိမ်မြောက် ညီလာခံက ဗဟိုကော်မတီအဖွဲ့ ၃၅ ဦးနှင့် အရံဗဟိုကော်မတီဝင် ၆ ဦး စုစုပေါင်း ဗဟိုကော်မတီ ၄၁ ကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့သည်ဟု ပါတီက ထုတ်ပြန်ထားသည်။

ဗဟိုကော်မတီဝင် ၄၁ ဦးက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ ဦးနှင့် စစ်ကော်မတီဝင် ၇ ဦးတို့ကို ထပ်မံရွေးချယ်ခဲ့ သည်။

စစ်ကော်မတီဝင် ၇ ဦးတွင် အတွင်းရေးမှူးအဖြစ် ဒုစစ်ဦးစီးချုပ် ဗညားချမ်းနွန်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် နိုင်ဟံသာတို့က ရွေးချယ်ခံခဲ့ရသည်။

ညီလာခံမှ ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင်များသည် ညီလာခံများမှ ချမှတ်ခဲ့ သည့် လုပ်ငန်းစဉ်အစီအစဉ်များနှင့် တော်လှန်ရေးလုပ်ငန်းစဉ်တိုင်းကို အကောင်အထည်ဖော်ရာတွၚ် တာဝန်ခံရမည်ဟု ပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည်။

၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့ကစပြီး ပါတီဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားဒေသတွင် ကျင်းပလျက်ရှိပြီး ညီလာခံကို တစ်လကျင်းပသွားရန် ရှိသည်။

ပါတီညီလာခံက ပါတီထိပ်ပိုင်းခေါင်းဆောင်များ ပြန်လည်ရွေးချယ်ခြင်း၊ ပါတီမူဝါဒ အပြောင်းအလဲနှင့် လက်ရှိဖြစ်ပေါ် နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများအပါအဝင် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သွားရန် ရှိကြောင်း ယင်းပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ၏ ပါတီညီလာခံကို ၄ နှစ်တစ်ကြိမ် ကျင်းပလာခဲ့ပြီး ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲကိုလည်း ၄ နှစ်တစ်ကြိမ် ကျင်းပသည့် ညီလာခံ၌ပင် ပြန်လည်ရွေးချယ်ကြသည်။

၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ညီလာခံတွင် ပါတီကိုယ်စားလှယ်များ၊ လေ့လာသူများနှင့် အကြံပေးအဖွဲ့များ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ကြသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲတွင် ပါဝင်လာခြင်းမရှိသေးဘဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည့် လမ်းစဉ်ကို ဆက်လက်စွဲကိုင်ထားသည့်အပေါ် ဝေဖန်ခံနေရသည်။

အဆိုပါလမ်းစဉ်ကို ပြောင်းလဲသင့်လျှင် ပြောင်းလဲရမည်ဟုဆိုထားသော်လည်း တော်လှန်ရေးကိစ္စနှင့်ပတ်သက်၍ ပါတီညီလာခံက တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်ခတ်ရပ်စဲရေးသဘော တူညီချက် စာချုပ်ချုပ်ဆိုနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ် ဧပြီလခန့်တွင် အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပြီးနောက် ဒုတိယအကြိမ် အနေနှင့် ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အတွက်ဆိုပြီး တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက လက်မှတ် ရေးထိုးထားခဲ့သည်။