မြိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ဟုထုတ်ပြန်

0
852

မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၀ ရက် ညနေ ၄ နာရီခန့်က မြိတ်မြို့ဘက်ကို တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တဂံတောင်ပုကျေးရွာနှင့် မဇောကျေးရွာအုပ်စု ခုံမော်ကျေးရွာကြားတွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၂)က မနေ့က ထုတ်ပြန်ထားသည်။

တဂံတောင်ပုကျေးရွာနှင့် ခုံမော်ရွာ၊ ဝိုင်းတောင်ရွာများမှာ ထားဝယ်-မြိတ်-ကော့သောင်းသွားသည့် လမ်းတွင်တည်ရှိပြီး မြိတ်မြို့နှင့် ဆယ်မိုင်ကျော်သာကွာဝေးသည်ဟု ကျွန်းစုပကဖတာဝန်ခံ ကိုနဂါးက ဆိုသည်။

“မိုင်းဆွဲခဲ့တာတော့ လေးလုံးပေါ့နော်၊ နှစ်ဖက်ပစ်ခတ်မှုမရှိပါဘူး။ စကစဘက်ကတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာတော့ရှိတယ်၊ သုံးလေးလုံးလောက်ပဲ၊ ရွာရဲ့ တောတောင်တွေထဲကိုပစ်တာ” ဟု ကိုနဂါးက ဆိုသည်။

ယနေ့ နေ့လယ် ၁ နာရီတွင် တဂံတောင်ပုကျေးရွာနှင့် မဇောကျေးရွာအုပ်စုထဲမှ ဝိုင်းတောင်ရွာကြားတွင် စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီမြို့နယ်ပကဖက ထုတ်ပြန်ထားသည်။

ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ထုတ်ပြန်ထားချက်အရသိရသည်။

ယနေ့ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်သည်ဟု တနင်္သာရီမြို့နယ်ပကဖက ထုတ်ပြန်ထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တောပုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ)၊ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-(ပကဖ)၊ တနင်္သာရီတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။