ထားဝယ်မြို့ပေါ် မျောက်သောင်းကျန်းမှု ဆက်တိုက်ဖြစ်

0
4333

ထားဝယ်မြို့‌ ပေါ်ရပ်ကွက်များတွင် ယခုလအတွင်း မျောက်သောင်းကျန်းမှု ဆက်တိုက်ဖြစ်ပွားသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် တစ်ကြိမ်၊ ယနေ့ ဇန်နဝါရီလ ၁၂ရက်တွင် တစ်ကြိမ် နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ နေ့လယ် ၁၂ နာရီတွင် ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ တိုင်းငါးဦးစီးဌာနရုံးတွင် မျောက်တစ်ကောင် လာ ရောက်သောင်းကျန်းနေသဖြင့်သွားရောက်ထိန်းသိမ်းခဲ့ရကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

“ရုံးပေါ်မှာ ဟိုခုန်ဒီခုန်နဲ့ လျှောက်သွားနေတာပေါ့။ သူက အရင် ထိန်းသိမ်းခဲ့တဲ့ကောင်ထက် စိတ်ကြမ်းတယ်” ဟု ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုထိန်းသိမ်းခဲ့ရသည့် မျောက်သည် အမဖြစ်ပြီး လက်တစ်ဖက်ပြတ်နေကြောင်း ၎င်းက ဆိုသည်။

အလားတူ လွတ်လပ်ရေးနေ့ကလည်း ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်တွင် တစ်အိမ်ဝင် တစ်အိမ်ထွက် သောင်းကျန်း နေသည့် မျောက်တစ်ကောင်ကိုလည်း ထားဝယ်မီးသတ်က သွားရောက်ထိန်းသိမ်းခဲ့ရသေးသည်။

ယင်းမျောက်မှာ အထီးဖြစ်ပြီး ပိုင်ရှင် မပေါ်ခဲ့တာကြောင့် ထားဝယ်မြို့ခံ ဘုန်းကြီးတစ်ပါးက ထိန်းသိမ်းစောင့်ရှောင်ရန် အလှူခံသောကြောင့် လှူပေးလိုက်ကြောင်း အထက်ပါဌာန တာဝန်ရှိသူက ပြောသည်။

ယခု မျောက်ကိုလည်း ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားလျှက်ရှိပြီး ပိုင်ရှင်များအနေဖြင့် သက်သေ အထောက်အထားပြ၍ လာရောက်ထုတ်ယူနိုင်ကြောင်း ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနက ကြေညာထားသည်။