ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရန် သဘောတူဟုဆို

0
651
ပုံစာ - မန်တုံမြို့ကို တအာင်းတပ်က ဒီဇင်ဘာလ ၂၂ရက်နေ့က သိမ်းယူခဲ့စဉ်။ Photo – TNLA

တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား ရှမ်းမြောက်ဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရကြောင်း ဆွေးနွေးပွဲတက်ရောက်သူတို့ကို ကိုးကားကာ ပြည်တွင်းသတင်း အချို့တွင် ဖော်ပြသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်တို့ တရုတ်နိုင်ငံကူမင်းမြို့တွင် တတိယအကြိမ်အဖြစ် ဇန်နဝါရီလ ၉ရက်နေ့မှ ၁၁ ရက်အထိ တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

ရှမ်းမြောက်ဒေသတွင် ရောက်ရှိနေသည့်နေရာ၌ အပစ်အခတ်ရပ်စဲကြရန် ဆွေးနွေးပွဲ နောက်ဆုံးရပ်တွင် သဘောတူညီကြခြင်းဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဆွေးနွေးပွဲသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA က ဖုန်ခွန်း၊ ကျင်းရှင်၊ တအာင်းတပ် (TNLA) က ဗိုလ်မှူးချုပ် တာဘုန်းကျော်၊ ရခိုင်တပ် (AA) က ဒေါက်တာညိုထွန်းအောင်တို့ ဦးဆောင်တက်ရောက်ခဲ့သည်။

စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NMSC) က ဒုဗိုလ်ချုပ်ကြီးမင်းနိုင်ဦးဆောင်တက်ရောက်ခဲ့ပြီး တရုတ်ဘက်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Deng XinJun တက်ရောက်ခဲ့သည်။

ရှမ်းမြောက်ဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်များက မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဆက်လက် မဖော်ဆောင်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီတပ်ဘက်လည်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ကို မပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သတင်းအချို့တွင် ဖော်ပြသည်။

အမှန်တကယ် အပစ်ရပ်သွားချိန်တွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန်လည်း သဘောတူခဲ့ကြပြီး နယ်စပ်ကုန်သွယ်ရေး ဖွင့်လှစ်ရန် စစ်ကောင်စီ၊ မြောင်ပိုင်းမဟာမိတ်နှင့် တရုတ်တို့ ညှိနှိုင်းဆွေးနွေးကြမည်ဟုလည်း ဆိုသည်။

အပစ်ရပ် သဘောတူညီချက်တွင် ရခိုင်ပြည်နယ်ပါဝင်ခြင်း ရှိမရှိကို တိတိကျကျ မသိရသေးပေ။

အပစ်ရပ်စဲရန် သဘောတူသည့် ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းတွင် လားရှိုးမြို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သေးသည်။