မြောက်ပိုင်းမဟာမိတ်သိမ်းထားသည့် ဟိုပန်နှင့် ပန်လုံကို ‘ဝ’ အဖွဲ့ ထိန်းချုပ်မှုအောက်ထည့်သွင်း

0
535
Photos - Wa Channel

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ က စစ်ကောင်စီတပ်ထံမှ သိမ်းယူထားသည့် ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လွှဲပြောင်းရယူလိုက်ကြောင်း UWSA က သတင်းထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မြို့တော်ဖြစ်သည့် ဟိုပန်နှင့် ပန်လုံဒေသနှစ်ခုအား ညီနောင်မဟာမိတ်တို့က UWSA ထံ လွှဲပြောင်းသည့်အခမ်းအနားကို ဟိုပန်မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း ဖော်ပြသည်။

ဟိုပန်နဲ့ ပန်လုံမြို့များကို ညီနောင်မဟာမိတ်တပ်များဖြစ်သည့် ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ ရခိုင်တပ် (AA) တို့က ဇန်နဝါရီလ ၅ရက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၇၀၀ ခန့် လက်နက်ချခဲ့ပြီး ၎င်းတို့ကို လားရှိုးမြို့သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘ဝ’ လူမျိုးတို့၏ မြို့များဖြစ်သည့် ဟိုပန်မြို့နှင့် ပန်လုံမြို့တို့သည် ၃၄ နှစ်အကြာတွင် UWSA ထပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း UWSA က ဆိုသည်။