မဟာချိုင်တွင် မြန်မာလုပ်သား ၁၇ ဦး လုပ်အားခမရဘဲ အလုပ်ထုတ်ခံရ

0
714

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ ပါကင်ပိတ်ပစ္စည်းပို့စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၇ ဦးမှာ လုပ်အားခမရဘဲ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် ဒီဇင်ဘာလတွင် အလုပ်လုပ်ထားသော လုပ်အားခကို ရရှိခဲ့ခြင်းမရှိဘဲ ဇန်နဝါရီလ ၂ ရက်နေ့တွင် အလုပ်ရှင်က အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

အလုပ်သမားများအတွက် လုပ်အားခ တစ်လစာ စုစုပေါင်း ဘတ် ၂၁၀၀၀၀ ကျော်ကို ထုတ်ပေးခဲ့ခြင်းမရှိဘဲ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများသည် MoU စနစ်ဖြင့် ဝင်လာသော အလုပ်သမားများဖြစ်ပြီး အေဂျင်စီက စေလွှတ်ခဲ့သော လုပ်ငန်းခွင်တွင် အဆင်မပြေသဖြင့် အခြားအလုပ်ပြောင်းရွှေ့နိုင်ရေး အလုပ်ထွက်စာ (ဘိုင်ကျန့်အော်) တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း အလုပ်ထွက်စာသည် အလုပ်သမားများဆီ ရောက်ရှိလာခြင်းမရှိဘဲ ပွဲစားလက်ထဲတွင် သက်တမ်းကုန်ဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းကြောင့် ပွဲစားက မြန်မာအလုပ်သမားများကို ယခုစက်ရုံတွင် ဘိုင်ကျန့်အော် (အလုပ်ထွက်စာ) မပါဘဲ အလုပ်သွင်းပေးထားခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

စက်ရုံဘက်က မြန်မာအလုပ်သမားများတွင် အလုပ်ထွက်စာမပါသဖြင့် အလုပ်ဆက်လုပ်၍မရကြောင်း ပြောပြီး လုပ်အားခထုတ်ပေးခြင်းမရှိဘဲ အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့က တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

“ကျန့်အော်လည်းမပါတဲ့အပြင် ပွဲစားပေါ့ ပွဲစားနဲ့ စမတ်တဲ့အချိန် ပွဲစားတွေက ကျန့်အော်မပါလည်းရတယ်ဆိုပြီး သွားသွင်းလိုက်တာပေါ့။ တကယ့် တကယ်ကျတော့ အလုပ်သမားတွေက စစ်ဆေးမယ့်အခြေအနေ ရောက်လာတဲ့အချိန်ကျတော့ ဒီအလုပ်သမားတွေကို လုပ်ငန်းက မယူတော့တဲ့ ပုံစံမျိုး ဖြစ်တာပေါ့” ဟု ၎င်းက ဆိုသည်။

စက်ရုံဘက်က မြန်မာအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) ပြုလုပ်ရန် အမည်စာရင်းတင်ပေးထားသော်လည်း အလုပ်ဆက်မခန့်လိုသဖြင့် အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်ဟု စက်ရုံဘက်က ပြောကြားထားကြောင်း ၎င်းကဆိုသည်။

မြန်မာအလုပ်သမားများသည် အဆိုပါစက်ရုံတွင် လုပ်ကိုင်နေသည်မှာ ၆ လခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် အလုပ်မရှိဘဲ ဖြစ်နေကြကာ အလုပ်ထွက်စာ (ဘိုင်ကျန့်အော်) မရှိသဖြင့် အခြားအလုပ်ရှာရန်လည်း ခက်ခဲနေကြကြောင်း ၎င်းကဆိုသည်။

လုပ်အားခကိုလည်း မည်သည့်နေ့တွင် ထုတ်ပေးမည်ကို တိတိကျကျမပြောသေးဘဲ ယနေ့ ဇန်နဝါရီ ၁၀ ရက်နေ့အထိ စောင့်ကြည့်ပေးရန် စက်ရုံဘက်က ပြောကြားထားကြောင်း အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် လုပ်အားခများ ပြန်လည်ရရှိရန်အတွက် မြန်မာအလုပ်သမားများနှင့်အတူ WAG အဖွဲ့က အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ ဇန်နဝါရီလ ၉ ရက်နေ့တွင် တိုင်ကြားထားကြောင်း သိရသည်။