ကျောက်တောင်ရွာက ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခဲ့ဟု ပုလောစစ်ကြောင်းထုတ်ပြန်

0
1075

ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်ရွာက ပျူစောထီးခေါင်းဆောင် ကိုမောင်တုတ်(ခ) တုတ်တုတ်ဆိုသူကို ပုလောစစ်ကြောင်း-(၁)က ဒီဇင်ဘာ ၂၃ ရက်မှာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်လာသည်။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ကိုမောင်တုတ်ဆိုသည့် ပျူစောထီးခေါင်းဆောင်မှာ လက်နက်အားကိုးဖြင့် ကျောက်တောင်ရွာက ရော်ဘာခြံရှင်တွေထံမှ တစ်လကို ငွေကျပ် သုံးသောင်း လစဉ်အခွန်ကောက်နေသလို ရွာသူရွာသားများကို ခြိမ်းခြောက်ခြင်း၊ ဖိနှိပ်ခြင်းတို့ပြုလုပ်ခဲ့သည်ဟု ပုလောစစ်ကြောင်း-(၁)၏ ထုတ်ပြန်ချက်က ဆိုသည်။

ယင်းအပြင် သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာတွင် စစ်ကောင်စီတပ်သားများနှင့်အတူ ကင်းစောင့်ခြင်း၊ ရပ်ရွာထဲက လူငယ်များကို ပြည်သူ့စစ်လုပ်ရန် စည်းရုံးသိမ်းသွင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် သတ်ဖြတ်ရှင်းလင်းခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုမောင်တုတ်မှာ ကျောက်တောင်ကျေးရွာ ရာအိမ်မှူးဖြစ်သလို ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ရော်ဘာခြံရှင်များထံက အခွန်ကောက်ခံခဲ့သည်ဆိုသည်မှာလည်း မှန်ကန်ကြောင်း ကျောက်လုံးကြီးကျေးရွာအုပ်စုမှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။

“မနှစ်တုန်းကလည်း သိန်းလေးဆယ်ကျော် သိန်းငါးဆယ်လောက်ရတယ်ပြောတယ်၊ သူ့ငယ်သားတွေကို တစ်ယောက်ကိုငါးသောင်းဆီပေးတယ်လို့ ကျွန်တော်ပြောသံကြားတယ်၊ ကျွန်တော့်ကိုလည်း ငါးသိန်းပေးသေးတယ်၊ ငါမလိုဘူး နင်တို့ပြည်သူ့စစ်တွေ ဘာသာသုံးဆိုပြီးပြောလိုက်တယ်၊ ကျွန်တော်ကတော့ အဲ့လိုမကောက်ဖို့သူ့ကိုပြောတာပဲ၊ ဒါပေမဲ့သူက ငွေနဲ့ပက်သက်လာရင်မရဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက် မနက် ၇ နာရီခန့်က ဆင်ထိုးကြီးရွာမှ ကျောက်တောင်ဘက်ကို လင်မယားနှစ်ယောက်အတူ ဈေးဝယ်ပြီးပြန်လာချိန် လမ်းပိုင်းတွင် သေနတ်သမား ၃ ဦးက တားဆီးကာ ကိုမောင်တုတ်ကို သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

မိန်းမဖြစ်သူကိုမူ သေနတ်သမား ၃ ဦးက ထိခိုက်နာကျင်အောင် ပြုမူခြင်းမရှိဟု အထက်ပါအမျိုးသားက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၂၄ ရက်ကလည်း ကိုမောင်တုတ်၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဖောက်ခွဲကာ သတိပေးခဲ့သေးသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။