ထားဝယ်မြို့တွင် တစ်ရက်တည်း လူနှစ်ဆယ်နီးပါး ခွေးရူးကိုက်ခံရ

0
2747

ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်နှင့် တလိုင်းထိန်ရပ်ကွက်တို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က လူ ၁၈ဦးထက်မနည်း ခွေးရူးကိုက်ခံရကြောင်း ရပ်ကွက်နေထိုင်သူများထံက သိရသည်။

“ခွေးက တစ်ကောင်တည်းပဲ။ မြောင်းပုလဲသိမ်တော်ကြီးဘုရားရှေ့ကနေစပြီး တောက်လျှောက် ကိုက်သွားတယ်။ ပြီးတော့ တလိုင်းမဘက်ရောက်ပြီးထပ်လိုက်ကိုက်နေတယ်။ ကမ်းနားလမ်းဘက် ဆင်းသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

အကိုက်ခံရသူများတွင် အမျိုးသားပိုများပြီး ဇနီးသည် အကိုက်ခံရသည်ကို ထွက်ကူသည် ခင်ပွန်းသည် အကိုက်ခံရသည်လည်း ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့ရှိ ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးကလည်း ၎င်း၏ဆေးခန်းတွင် ဒီဇင်ဘာလ ၂၉ ရက် တစ်ရက်တည်း ခွေးရူး ကာကွယ်ဆေးလာထိုးသူ ရှစ်ဦးရှိကြောင်း ပြောသည်။

“ခွေးတွေက မိတ်လိုက်တဲ့ရာသီကနေ မတ်လလောက်အထိ ခွေးရူးပြန်တဲ့ ရောဂါပိုးရှိတယ်လေ။ ကိုက်ခံရပြီး ဆေးလာထိုးတဲ့ သူကတော့ ပြဿနာမရှိဘူး။ တချို့က ကိုက်ခံရလည်း ဆေးမထိုးကြဘူး။ အဲဒါကြောင့် ခွေးရူး အခုလို မကိုက်ခံရအောင် ခွေးလေခွေးလွင့်တွေကို စနစ်တကျထိန်းသိမ်းသင့်တယ်” ဟု ၎င်းက ပြောဆိုသည်။

အခြားဆေးခန်းတို့တွင်လည်း ခွေးရူးကာကွယ်ဆေး လာထိုးသူများရှိကြောင်း အဆိုပါဆရာဝန်က ဆိုသည်။

အဆိုပါခွေးမှာ ဒီဇင်ဘာလ ၂၉ ရက်နောက်ပိုင်းရက်များတွင် မတွေ့ရတော့ကြောင်း မြို့ခံအချို့က ဆိုသည်။

ခွေးရူးရောဂါသည် ခွေး၊ ကြောင်စသည့် သတ္တဝါများ၏ ကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်းမှ တစ်ဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး သေစေနိုင်သည့်အထိ ဖြစ်တတ်သောရောဂါဖြစ်သလို ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိုင်သည့် ရောဂါအမျိုးအစား ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၂၈ ရက်က လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာက အမျိုးသားတစ်ဦး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သည်။