သရက်နှစ်ခွကျေးရွာတံတားက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

0
1093

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း နှစ်သစ်ကူးည သန်းခေါင်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းအပြင် သရက်ချောင်းဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ထားဝယ်-မြိတ် သွားကားလမ်းပေါ်ရှိ ပိန်းတောရွာ၊ မဲနယ်အိုးရွာ၊ ပန်းပြင်ရွာ လမ်းတစ်လျောက်တွင် အခြားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံရွာသားအချို့က ပြောသည်။

ပိန်းတောရွာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့ ကျည်ဆန်ထိမှန်မှုများရှိခဲ့သည်ဟု ပိန်းတောကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အိမ်တွေမှာ ကျည်ထိတာတွေရှိတယ်၊ ရွာသားတွေထိခိုက်မှုတော့မကြားရဘူး၊ စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့တော့ကြားတယ်၊ အသေးစိတ်တော့မသိဘူး” ဟု အထက်ပါအမျိုးသားက ပြောသည်။

ယနေ့မနက်တွင် ပန်းပြင်ရွာ၌ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သရက်နှစ်ခွရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်-မြိတ်ကားလမ်းတစ်လျောက်တွင် ဖြစ်ပွားသည့် ပစ်ခတ်တိုက်ခိုက်မှုသည် ၂ နာရီခန့်ရှိပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံအချို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။