တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
993

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ

အင်ဒိုနီးရှား စက်ရုံပေါက်ကွဲမှု အနည်းဆုံး ၁၈ ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းက နီကယ်သတ္တုထုတ်လုပ်တဲ့စက်ရုံမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ စက်ရုံအလုပ်သမား အနည်းဆုံး ၁၈ ဦးအထိ သေဆုံးခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် နောက်ထပ် ၃၀ ကျော်လည်း ဒဏ်ရာရရှိခဲ့တာပါ။

မနက် ၅ နာရီခွဲက စက်ရုံအလုပ်သမားတွေက သတ္တုကြိုတဲ့ မီးဖိုကို ပြင်နေတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေက အင်ဒိုနီးရှားအလုပ်သမားတွေနဲ့ တရုတ်အလုပ်သမားတွေ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတဲ့ မီးလောင်မှုကိုတော့ မနက် ၉ နာရီ ၁၀ မိနစ်မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဂျပန်ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၅၄ ဘီလီယံအထိ တိုးလာ

ဂျပန်နိုင်ငံမှာ နောက်နှစ်အတွက် ဒေါ်လာ ၅၄ ဘီလီယံကျော်နဲ့ညီတဲ့ ဂျပန်ယန်း ၇ ဒသမ ၉၅ ထရီလီယံ သုံးစွဲမယ့် ကာကွယ်ရေးအသုံးစရိတ်ကို အတည်ပြုလိုက်ပါတယ်။

ကာကွယ်ရေးအတွက် ၁၆ ရာခိုင်နှုန်းကျော်သော ဘတ်ဂျက် ယန်း ၁ ထရီလီယံကျော်ကို တိုးမြှင့်သုံးစွဲဖို့ အတည်ပြုခဲ့တာပါ။

ဘတ်ဂျက်ထဲမှာ ပဲ့ထိန်းတပ်ဒုံးကျည်ရန်ကို ကာကွယ်နိုင်မယ့် စစ်သင်္ဘောတွေ စတင်တည်ဆောက်ရာမှာ သုံးစွဲဖို့ပါဝင်တယ်လို့ ဂျပန်ကာကွယ်ရေးဌာနက ပြောကြားထားပါတယ်။

စစ်သင်္ဘောတစင်းကို ယန်း ၄၀၀ ဘီလီယံလောက် ကုန်ကျနိုင်တယ်လို့ခန့်မှန်းထားတာပါ။

ဂျပန်ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ်တိုးနေတာကြောင့် ၅ နှစ်အတွင်း ဂျပန်ယန်း ၄၃ ထရီလီယံအထိ တိုးမြှင့်သွားမယ်ဖို့ စီစဉ်ထားပါတယ်။

Ref: DW

………………………………..

ဂါဇာဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး ၇၀ ကျော်သေဆုံး

ဂါဇာဒေသအလယ်ပိုင်း ဒုက္ခသည်စခန်းတစ်ခုကို ဒီဇင်ဘာ ၂၄ ရက်နေ့က အစ္စရေးကနေ လေကြောင်း တိုက်ခိုက်ခဲ့လို့ လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

မြေပြင်စစ်ဆင်ရေးတွေသာမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ နေရာ တော်တော်များများ ပျက်ဆီးနေခဲ့တာပါ။

အဲဒီတစ်ညတည်းတင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ရပါတယ်။

Maghazi ဒေသမှာရှိတဲ့ ဒုက္ခသည်စခန်းကို တိုက်ခိုက်ခဲ့တာကိုလည်း ပြန်လည် သုံးသပ်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောကြားထားပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် ပါလက်စတိုင်း ၂ သောင်းကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂ ဒသမ ၃ သန်းဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေခဲ့ရတယ်လို့ ပါလက်စတိုင်းဘက်က ပြောကြားထားပါတယ်။

Ref: Aljazeera

………………………………..

ဆီးရီးယားတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ဗိုလ်ချုပ်တစ်ဦး သေဆုံး

ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကတ်အပြင်ဘက် ရပ်ကွက်တစ်ခုမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒီဇင်ဘာ ၂၅ ရက်နေ့က အဆင့်မြင့် အီရန်ဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူက ဆီးရီးယားမှာရှိတဲ့ အီရန်ပြည်သူ့စစ်တော်လှန်ရေးစောင့်တပ် အကြံပေး Sayyed Razi Mousavi ဆိုသူ ဖြစ်ပါတယ်။

Mousavi ဟာ ၂၀၂၀ ဇန်နဝါရီလတုန်းက အီရတ်မှာ အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အီရန် အထူးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် Qussim Solimani နဲ့ အတော်ကြီးနီးစပ်သူတစ်ဦးလည်း ဖြစ်ပါတယ်။

အခု အစောပိုင်းတုန်းကလည်း အစ္စရေးတိုက်ခိုက်မှုကြောင့် ဆီးရီးယားမှာ ဗိုလ်ချုပ်နှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

Ref: Aljazeera

………………………………..

ပါကစ္စတန်က ဖမ်းဆီးထားသော တက်ကြွလှုပ်ရှားသူ ၂၉၀ ကို ပြန်လွှတ်ပေးဟုဆို

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မှာ ဖမ်းဆီးခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ၂၉၀ ကို ပြန်လွှတ်ပေးလိုက်ပြီလို့ အစိုးရက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့လည်း တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော် ထောင်ထဲမှာ ကျန်ရှိနေသေးပြီး အချို့ကတော့ ပျောက်ဆုံးနေဆဲလို့ အဖွဲ့က ဆိုထားတာပါ။

ဆန္ဒပြသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး ၁၀၀ ကျော် ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ တချို့က ပျောက်ဆုံးနေတယ်လို့ အဖွဲ့တွေက ပြောကြားထားပါတယ်။

အစ္စလာမ်မာဘတ် ရဲဌာနက အဖွဲ့ကိုရော မီဒီယာတွေကိုပါ သတင်းအမှန် မပေးဘူးလို့လည်း ဆိုထားပါတယ်။

နိုင်ငံအနောက်တောင်ပိုင်း ဘာလူချစ္စတန် ပြည်နယ်မှာ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အစဖျောက်ခံရမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ဆန္ဒပြဖို့အတွက် Baloch တက်ကြွလှုပ်ရှားသူတွေက မိုင်ထောင်ချီကွာဝေးတဲ့ မြို့တော် အစ္စလာမ်မာဘတ်ကို ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။

Ref: BNN Breaking

………………………………..

ဆွီဒင်နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူရကီလွှတ်တော် နိုင်ငံခြားရေးကော်မရှင်က အတည်ပြု

နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့ လျှောက်လွှာကို တူရကီလွှတ်တော် နိုင်ငံခြားရေးရာကော်မရှင်မှာ ဒီဇင်ဘာ ၂၆ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

ဆွီဒင်ရဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးလုပ်ငန်းစဥ်တွေဟာ ၁၉ လကြာအောင် နှောင့်နှေးနေခဲ့တာပါ။

ဒါကြောင့် နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ အခု လွှတ်တော် နိုင်ငံခြာရေးကော်မရှင်ရဲ့ အတည်ပြုချက်က အရေးပါတဲ့ ရှေ့တိုးခြေလှမ်း ဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာတွေ ကြုံခဲ့ရပြီးတဲ့နောက် နေတိုးအဖွဲ့ထဲဝင်ဖို့ ဆွီဒင်နိုင်ငံ ဆုံးဖြတ်ခဲ့ပြီး လျှောက်ထားမှုလုပ်ငန်းစဥ်တွေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံအနေနဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ အားပျော့တယ်ဆိုပြီး တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ တူရကီဘက်ကတောင်းဆိုထားတာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ရုရှားတွင် ဖမ်းဆီးခံအတိုက်အခံခေါင်းဆောင်ကို နေရာဝေးသို့ ပြောင်းရွှေ့

ရုရှားတွင် အကျဥ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny ကို အာတိတ်စက်ဝိုင်း မြောက်ဘက် အကျဥ်းသားတွေထားရာ နေရာကို လွှဲပြောင်းခဲ့ကြောင်း ဒီဇင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရင်က Navalny ကို မော်စကို အရှေ့ဘက် Vladimir ဒေသမှာ အကျဥ်းချထားတာပါ။

ဒီနေရာကနေ ဆောင်းရာသီမှာ ရာသီဥတုဆိုးရွားလှတဲ့ Yamal ဒေသက Kharp ရွာကို ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။

နှစ်ပတ်ကြာ အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ပြောင်းရွှေ့လိုက်တဲ့ နေရာသစ်မှာ သူ့ရှေ့နေက သူ့ကို တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်းလည်း Navalny ရဲ့ ပြောခွင့်ရ Kira Yarmysh က ပြောကြားခဲ့ပါတယ်။

ရုရှား အတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ အကျဥ်းထောင်ထဲမှာ နေနေရပေမဲ့ သမ္မတပူတင်အတွက်ကတော့ သူဟာ အဓိကရန်သူအဖြစ် စိုးရိမ်နေရတုန်းပဲလို့လည်း Navalny ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

Ref: Aljazeera

………………………………..

Parasite ရုပ်ရှင်၏ တောင်ကိုးရီးယားသရုပ်ဆောင် ကွယ်လွန်

အော်စကာဆုရ Parasite ရုပ်ရှင်ဇတ်ကားမှာ ပါဝင်ခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင် Lee Sun kyun ဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ပန်းခြံက လမ်းပေါ်မှာ ရပ်ထားတဲ့ ကားတစ်စီးထဲမှာ သေဆုံးနေခဲ့တာပါ။

အသက် ၄၈ နှစ်အရွယ် Lee Sun kyun ဟာ သေတန်းစာလို စာတစ်စောင်ကိုရေးခဲ့ပြီး အိမ်ကနေ ထွက်သွားခဲ့ပါတယ်။

စာကိုတွေ့ခဲ့တဲ့ မိသားစုက လူပျောက်ကြော်ငြာထုတ်ဖို့ ရဲကို တိုင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ကိုယ်သူ အဆုံးစီရင်တာဟုတ်မဟုတ် ရဲဘက်ကတော့ အတည်ပြုတာ မရှိသေးပါဘူး။

မူးယစ်ဆေးဝါးသုံးစွဲမှုသံသယနဲ့ Negative ထွက်ခဲ့ပေမဲ့လည်း ရဲတွေက အောက်တိုဘာလကနေစလို့ နေ့ရက်ပေါင်းများစွာ သူ့ကို စုံစမ်းစစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

အဆိုတော် ရှာကီယာကို မွေးရပ်မြေမှာ ကြေးရုပ်ထုကြီးနဲ့ ဂုဏ်ပြု

ကိုလံဘီယာအဆိုတော် ရှာကီယာတစ်ယောက်ဟာ သူ့မွေးရပ်မြေ ဘာရင်ကီယာမှာ ကြေးရုပ်ထုကြီးနဲ့ ဂုဏ်ပြုခံလိုက်ရပါတယ်။

၂၁ ပေကျော်မြင့်တဲ့ အဲဒီကြေးရုပ်ထုကြီးဟာ သူ့ရဲ့နာမည်ကျော်သီချင်းရုပ်သံ Hips Don’t Lie ထဲက ခါးလှုပ်ကကွက်ကို ယူပြီး ပုံတူထုဆစ်ထားတာပါ။

အခမ်းအနားဖွင့်ပွဲကို ရှာကီယာကိုယ်တိုင်နဲ့ မိဘတွေအပါအဝင် မြို့တော်ဝန်လည်း တက်ရောက်ခဲ့ပါတယ်။

တဖက်မှာလည်း ရှာကီယာဟာ အခွန်ရှောင်တယ်ဆိုတဲ့ စွပ်စွဲခံထားရတဲ့အမှုကို စပိန်မှာ ဒဏ်ငွေ ယူရိုငွေ ၇ ဒသမ ၅ သန်းပေးမယ်လို့ သဘောတူညီချက်ရခဲ့တာကြောင့် အဲဒီအမှုကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။

Ref: The Guardian

………………………………..

ရုရှားစစ်တပ်အတွက် တိုက်ခိုက်ပေးနေသော နီပေါနိုင်ငံသား ရာချီပျောက်ဆုံးနေ

ရုရှားစစ်တပ်အတွက် တိုက်ခိုက်ပေးနေတဲ့ နီပေါ နိုင်ငံသားတွေထဲက သေသည် ရှင်သည် မသိ ပျောက်ဆုံးနေကြသူတွေ လူ ၁၀၀ ဝန်းကျင် ရှိနေကြောင်း နီပေါ အစိုးရက ပြောကြားလိုက်ပါတယ်။

နီပေါ အစိုးရ အနေနဲ့ တိုင်တန်းချက်တွေ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားဘက်ကို မေးမြန်း စုံစမ်းထားတယ်လို့ ဆိုလိုက်တာပါ။

ရုရှားနိုင်ငံထဲမှာ အလုပ်လုပ်ဖို့နဲ့ ကျောင်းတက်ဖို့ ရောက်နေကြတဲ့ နီပေါ လူငယ်တွေထဲက အယောက် ၂၀၀ ဝန်းကျင်ဟာ ယူကရိန်းနဲ့စစ်ပွဲမှာ ရုရှားစစ်တပ် အတွက် တိုက်ပေးနေတယ်လို့ ခန့်မှန်းထားပါတယ်။

ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှား အတွက် တိုက်ခိုက်ရင်း သေဆုံးသွားကြောင်း လက်ရှိ အတည်ပြုထားနိုင်တဲ့ နီပေါ နိုင်ငံသား ၇ ဦး ရှိနေပြီဖြစ်ပါတယ်။

Ref: Hindustantimes

………………………………..