မြောက်ဦးခရိုင်ရဲစခန်း၊ ပလက်ဝ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယနယ်စပ်က စစ်စခန်းတစ်ခုတို့ကို AA သိမ်းယူ

0
426
Photo – AA Info Desk

ရခိုင်ပြည်နယ် မြောက်ဦးခရိုင်ရဲစခန်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းတစ်ခုတို့ကို သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက် ညပိုင်းတွင် မြောက်ဦးခရိုင်ရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး နောက်တစ်ရက် ဒီဇင်ဘာလ ၂၇ ရက် နံနက်တွင် ခဝဲဗျူဟာကုန်းကို သိမ်းယူရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းနောက် ဒီဇင်ဘာလ ၂၈ ရက် နံနက်တွင် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်း တစ်ခုဖြစ်သည့် ပွိုင့် ၃၇၇ စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါစခန်းကုန်းများတွင် စစ်ကောင်စီတပ်ဘက်က အလောင်း အမြောက်အများ ရရှိပြီး လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိကြောင်း AA က ဆိုသည်။

ရခိုင်နှင့် ပလက်ဝဒေသရှိ စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး အချို့ပစ်မှတ်များမှာ ထက်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍ သိမ်းယူနိုင်ရေး ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။

နောက်ထပ်ကျန်ရှိနေသေးသည့် စစ်ဆင်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရယူရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။