တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
978

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ

တရုတ်ငလျင်ကြောင့် အနည်းဆုံး လူ ၁၃၇ ဦး သေဆုံး  

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက တောတောင်ထူထပ်တဲ့အရပ်မှာ ပြင်းအား ၆ ဒသမ ၂ အဆင့် ငလျင်လှုပ်သွားတဲ့အတွက် သေဆုံးသူ အနည်းဆုံး ၁၃၇ ဦး ရှိတယ်လို့ တရုတ်အစိုးရတာဝန်ရှိသူတွေက ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ငလျင်ကြောင့် အိုးအိမ်တွေ၊ လမ်းတံတားတွေ ပြိုကျပျက်စီးခဲ့ရပြီး လျှပ်စစ်မီးတွေလည်းပြတ်သွားခဲ့တာပါ။

Gansu ပြည်နယ်မှာ သေဆုံးသူက ၁၁၅ ဦးရှိသလို ဘေးကပ်လျက် Qinghai ပြည်နယ်မှာတော့ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့ ညနက်ပိုင်းမှာ လှုပ်သွားခဲ့တဲ့ ငလျင်ကြောင့် ဒဏ်ရာရသူ ၉၈၀ ကျော်ရှိခဲ့ပြီး အိမ်ပေါင်း ၂ သိန်းကျော်အထိ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အပူချိန် သုညဒီဂရီအောက်ထိကျနေတဲ့ဆောင်းတွင်းကာလ အအေးဒဏ်ပြင်းထန်နေချိန် အိုးအိမ်ဆုံးရှုံးခဲ့ကြတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကိုတော့ ယာယီတဲတွေထဲမှာပဲ နေရာချထားပေးခဲ့ပါတယ်။

Ref: CNA

………………………………..

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မဲဆွယ်စည်းရုံးမှု စတင်

လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) ဟာ သူ့ရဲ့အာဏာရ အဝါမီလိဂ် ပါတီ မဲဆွယ်စည်းရုံပွဲတွေကို တရားဝင် စတင်လိုက်ပါတယ်။

အတိုက်အခံဘက်က ကန့်ကွက်ဆန့်ကျင်မှုတွေကြားမှာပဲ ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်လိုက်တာပါ။

လာမယ့် ရွေးကောက်ပွဲကို ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဦးဆောင်တဲ့ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီက သပိတ်မှောက်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အရှေ့မြောက်ပိုင်းက Sylhet မြို့က ဟာဆီနာရဲ့ မဲဆွယ်မိန့်ခွန်းထဲမှာလည်း အမျိုးသားရေးပါတီ ရွေးကောက်ပွဲ မဝင်တာအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အမျိုးသားရေးပါတီနဲ့ သူ့ရဲ့မဟာမိတ်တွေက လတ်တလောမှာ အကြမ်းဖက်မှုတွေလုပ်နေတယ်ဆိုပြီးလည်း အပြစ်တင်ထားပါသေးတယ်။

လက်ရှိပါတီကို မထောက်ခံကြောင်း ဆန္ဒပြထားတဲ့ တက်ကြွလှုပ်ရှားသူပေါင်း ၁၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထားခဲ့ပါသေးတယ်။

Ref: AA

………………………………..

ဆူဒန်ပြည်တွင်းစစ်ကြောင့် ကလေးငယ် ၃ သန်းကျော် ဒုက္ခရောက်နေ

ဆူဒန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီးဖြစ်လာနေတာကြောင့် ကလေးငယ် ၃ သန်းကျော်အထိ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် စိုးရိမ်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ပြောကြားလိုက်ပါတယ်။

တိုက်ပွဲတွေကြောင့်လည်း လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေဟာ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို တချို့နေရာတွေမှာ ယာယီရပ်ဆိုင်းလိုက်ရတာပါ။

ဆူဒန်နိုင်ငံမြို့တော် ခါတွန်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ အယ်လ်ဂျာစီရက်ပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က ကလေးတွေ ၁ သိန်းခွဲထက်မနည်း နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ UNICEF အဖွဲ့က ပြောကြားထားပါတယ်။

ဆူဒန်ရဲ့ RSF ပြည်သူ့စစ်အဖွဲ့က ဝဲ့မဒနီမြို့ကို ဆူဒန်စစ်တပ်ဆီကနေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာပြီးတဲ့နောက်မှာ တိုက်ပွဲတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ ပိုများလာနေခဲ့ပါတယ်။

ဝဲ့မဒနီမြို့ဟာ ဒေသတွင်းမှာ အဓိကအချက်အချာကျတဲ့ မြို့ဖြစ်ပြီး ဆူဒန်နိုင်ငံရဲ့ တခြားဒေသတွေကနေ ထွက်ပြေးလာကြတဲ့ ကလေးတွေ သိန်းနဲ့ချီ ရှိနေတာဖြစ်တယ်လို့ UNICEF ကထုတ်ပြန်ထားပါတယ်။

Ref: UNICEF

………………………………..

တောင်နဲ့ မြောက်ကိုရီးယားနယ်ခြားစောင့်တပ်များ လက်နက်ကိုင်ဆောင်လာ

တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံကြားမှာရှိတဲ့ ပူးတွဲလုံခြုံရေးနယ်မြေအတွင်းမှာ မြောက်ကိုရီးယား တပ်သားတွေ လက်နက်ကိုင်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပြီးနောက် တောင်ကိုရီးယားဘက်ကလည်း သူ့ရဲ့ တပ်သားတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုခဲ့ပါတယ်။

ဒီပူးတွဲလုံခြုံရေးနယ်မြေကို အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့က ကြီးကြပ်ကွပ်ကဲနေတာပါ။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူစာချုပ်အရ ပူးတွဲလုံခြုံရေး နယ်မြေမှာ လက်နက်ဖျက်သိမ်းဖို့ သဘောတူထားကြပါတယ်။

ဒါပေမဲ့ ဒီသဘောတူညီချက် ပျက်ပြားသွားတဲ့နောက် နိုဝင်ဘာလကတည်းက မြောက်ကိုရီးယားတပ်ဖွဲ့တွေက သေနတ်တွေ ကိုင်ဆောင်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က ထောက်လှမ်းရေးဂြိုဟ်တုကို ပစ်လွှတ်လိုက်ပြီးတဲ့နောက် ခုလို ငါးနှစ်ကြာ စစ်ရေးသဘောတူညီချက်ကို ဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

ပင်လယ်နီအတွင်း နိုင်ငံတကာသင်္ဘောများသွားရန် အမေရိကန်က ဦးဆောင်လုံခြုံရေးတာဝန်ယူပေး

ပင်လယ်နီထဲမှာသွားလာနေတဲ့ နိုင်ငံတကာသင်္ဘောတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းရေတပ်ဖွဲ့ထဲမှာ ဗြိတိန်၊ ကနေဒါနဲ့ အခြားနိုင်ငံများကလည်း ပူးပေါင်းပါဝင်နေကြပါတယ်။

ဂရိနိုင်ငံကလည်း ရေတပ်စစ်သင်္ဘောတစီး ပူးပေါင်းပါဝင်မှာဖြစ်တယ်လို့ ဂရိကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးကို အကြီးမားဆုံးခြိမ်းခြောက်နေတဲ့ ပြဿနာကို ဖြေရှင်းတာက နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်တာဖြစ်တယ်လို့ ဝန်ကြီး Nikos Dendias က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ရေကြောင်းလုံခြုံရေးစစ်ဆင်ရေးမှာ ပါဝင်ဖို့ တပ်ဖွဲ့ဝင် ၁၁ ယောက်စေလွှတ်မယ်လို့ ဩစတေးလျကာကွယ်ရေးဝန်ကြီးကလည်း ပြောကြားခဲ့ပါတယ်။

ပင်လယ်နီထဲမှာ သွားလာနေတဲ့ ကုန်သင်္ဘောတွေ ရေနံတင်သင်္ဘောတွေကို ယီမင်နိုင်ငံက ဟူသီသူပုန်တွေက အဝေးထိန်း Drone ယာဉ်တွေ ပဲ့ထိန်းတပ်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တာပါ။

ဒီရန်ကိုကာကွယ်ဖို့ အမေရိကန်ဦးဆောင်ပြီး နိုင်ငံတချို့က ရေတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့ ဖွဲ့လိုက်တယ်လို့ အမေရိကန်စစ်တပ်က ‌ဒီဇင်ဘာ ၁၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

Ref: Aljazeera

………………………………..

ဂါဇာတွင် ငတ်မွတ်မှုကပ်ဘေးကျရောက်နိုင်ဟု ကုလသတိပေး

ဂါဇာက လူဦးရေ နှစ်သန်းကျော်လုံးမှာ စားနပ်ရိက္ခာအကျပ်အတည်းကြုံနေရပြီး ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးအန္တရာယ်ရှိနေတယ်လို့ သတိပေးလိုက်ပါတယ်။

ဒါကို ကုလသမဂ္ဂကျောထောက်နောက်ခံပေးထားတဲ့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးသုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ဂါဇာမှာ လူဦးရေရဲ့ လေးယောက်မှာ တစ်ယောက်ဖြစ်တဲ့ လူဦးရေငါးသိန်းကျော် ငတ်မွတ်မှုခံစားနေရပြီလို့ WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ စီးပွားရေးပညာရှင်ကလည်း ပြောကြားခဲ့ပါတယ်။

လာမယ့်သီတင်းပတ်အတွင်းမှာ ဒီကပ်ဘေးဆိုးကြီးကြုံလာမယ်ဆိုတာကို WFP အနေနဲ့ သတိပေးထားတယ်လို့လည်း ဆိုထားပါတယ်။

တချိန်တည်းမှာတော့ ဂါဇာမှာ အစ္စရေးဘက်က စစ်ရေးအရှိန်မြှင့်ဆောင်ရွက်နေပြီး ဂါဇာမြောက်ပိုင်းမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

Ref: WFP

………………………………..

ချက်တွင် ပစ်ခတ်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

ချက်ပြည်သူ့သမ္မတနိုင်ငံမြို့တော် ပရပ်ဂ် (Prague) ရဲ့ တက္ကသိုလ်ထဲ ပစ်ခတ်မှုမှာ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် နောက်ထပ် အနည်းဆုံး လူ ၂၅ ဦး ဒဏ်ရာရသွားကြတယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က အာဏာပိုင်တွေက ပြောကြားခဲ့တာပါ။

ဒါဟာ ချက်နိုင်ငံရဲ့သမိုင်းမှာ အဆိုးဝါးဆုံး အစုလိုက်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

ပစ်ခတ်သူဟာ ကျောင်းသားတယောက်ဖြစ်ပြီး အခင်းဖြစ်ရာနေရာကတော့ ဒဿနိကဗေဒဌာနရှိရာ အဆောက်အဦးထဲမှာဖြစ်ခဲ့ပါတယ်။

ပစ်ခတ်မှုအတွက် သံသယရှိတဲ့သေနတ်သမားကတော့ သေဆုံးသွားခဲ့ကြောင်း ချက်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပေမယ့် အပစ်ခံရတာလား သူ့ကိုယ်သူသတ်သေတာလားဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

Ref: AP

………………………………..

မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံးကျည် ထပ်ပစ်လွှတ်

မြောက်ကိုရီးယားဟာ ဒီဇင်ဘာ ၁၇ ရက်နေ့က အမည်မသိ ပဲ့ထိန်းဒုံးကျည် တစ်စင်းပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ကမ်းရိုးတန်းစောင့်နဲ့ တောင်ကိုရီးယားစစ်တပ်က ပြောကြားလိုက်ပါတယ်။

အခု မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်ဟာ အရှေ့ဘက်ကမ်းခြေကို ပစ်လွှတ်ခဲ့တာပါ။

ပစ်လွှတ်ခဲ့ပြီး မိနစ် ၂၀ အကြာမှာ ပင်လယ်ပြင်ထဲပျက်ကျသားတယ်လို့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်က ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားတာဝန်ရှိသူတွေက သတိပေးချက်ထုတ်ပြန်ပြီးနောက် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုဖြစ်လာတာဖြစ်ပါတယ်။

Ref: Fox News

………………………………..

ပိုလန်လွှတ်တော်က ခရစ္စမတ်ကာလ အိမ်ရာမဲ့တွေကို စတုဒီသာ ကျွေးမည်

ခရစ္စမတ်ပွဲတော်ကာလမှာ ပျော်ရွှင်နွေးထွေးမှုတွေ ကူးစက်စေဖို့ ရည်ရွယ်ပြီးတော့ ပိုလန်လွှတ်တော် အဆောက်အအုံထဲမှာ အိမ်ရာမဲ့တွေနဲ့ ချို့တဲ့နွမ်းပါးသူတွေကို စတုဒီသာ ကျွေးမွေးဧည့်ခံသွားမယ်လို့ ဆိုလိုက်ပါတယ်။

လွှတ်တော်ဆိုတာ ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့နေရာဖြစ်ကြောင်းကို ဖော်ပြလိုတဲ့ အစီအစဉ်အနေနဲ့ အခုလို စီစဉ်ခဲ့တာလို့ ပိုလန်လွှတ်တော်ဥက္ကဋ္ဌသစ် ဟိုလိုနီယာက ဆိုပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ပိုလန်လွှတ်တော် အဆောက်အအုံထဲက အကြီးမားဆုံး ခန်းမကျယ်ကြီးဖြစ်တဲ့ Column Hall မှာ ခရစ္စမတ်အကြို အခမ်းအနားကျင်းပဖို့ စီစဉ်ထားတာပါ။

ဘဝအခက်အခဲ ကြုံနေရသူတွေအတွက် ရည်ရွယ်ကျင်းပတဲ့ စတုဒီသာကျွေးပွဲမှာ ခန်းမတစ်ခုလုံးအပြည့် လူရာချီကို ဖိတ်ခေါ်ကျွေးမွေးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: NFP

………………………………..

ထိုင်းက လယ်သမားတစ်ဦး လယ်ကွင်းကနေ အနုပညာပုံဖော်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲက လယ်ကွင်းထဲမှာ ထိုင်းလယ်သမားတစ်ယောက်က စပါးခင်းကို ကြောင်ပုံဖော်ပြီး အနုပညာကို ပြသခဲ့ပါတယ်။

ကြောင်တစ်ကောင်က ငါးကို ပိုက်ပြီး အိပ်နေတဲ့ပုံဟာ ” ရေထဲမှာငါး၊ လယ်ကွင်းထဲမှာ စပါး” ဆိုတဲ့ ပေါများကြွယ်ဝခြင်းဆိုင်ရာ ထိုင်းဆိုရိုးစကားတစ်ခုကို ရည်ညွှန်းပုံဖော်တာထားပါ။

ထိုင်းလယ်သမား တန်ယာပေါင်ဂျိုင်ခမ်း (Tanyapong Jaikham) ဦးဆောင်တဲ့ လယ်သမားအဖွဲ့က GPS စနစ် အကူအညီရယူပြီး ပုံဖော်စိုက်ပျိုးခဲ့ပါတယ်။

ဒါကို လုပ်အားပေး ၂၀၀ ကျော်နဲ့ အရောင်စုံစပါးတွေကို စိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။

ဝေဟင်ကနေ ကြည့်ရင် သူတို့ရဲ့ပုံဖော်ဖန်တီးမှုကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ကြောင်ချစ်သူတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းကို ယှဉ်တွဲတိုးတက်လာစေဖို့ မျှော်မှန်းလုပ်ဆောင်တာလို့ ဂျိုင်ခမ်းက ဆိုထားပါတယ်။

Ref: BBC

………………………………..