သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံး

0
887

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။

သထုံအခြေစိုက် စစ်ကောင်စီတပ် ခမရ-၂၄ တပ်ရင်းက ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်က လူနေကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံ သိရသည်။

လက်နက်ကြီးကျည် ကျုံမှိန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး နော်ဖေတမော ကျည်စထိမှန်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးထိပြီး ဆုံးသွားတဲ့ အမျိုးသမီးက ကိုယ်ဝန်နဲ့ပါ။ သုံးနှစ်ကလေးတစ်ဦးလည်း ရှိနေတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ကျုံမှိန်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၂ ဦး သေဆုံးပြီး အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

သထုံခရိုင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိပြီး လူထိခိုက်သေဆုံးသည့် အပြင် ထောင်နှင့်ချီသည့်ဒေသခံပြည်သူတို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။