ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်ပါပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ဦးခေါင်းဒဏ်ရာရ

0
737

ရေဖြူမြို့နယ်တွင် ရော်ဘာပြားကြိတ်သည့် စက်ထဲ ဆံပင်ညှပ်ပါသွား၍ ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသ ရေငံရွာတွင် ရော်ဘာလုပ်ငန်းလာရောက်လုပ်ကိုင် မအိဖြိုးဝေသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက စက်မှထွက်လာသည့် ရော်ဘာပြားကို အခြောက်လှန်းရန် ယူစဉ် ဆံပင်ပြေကျပြီး ဆံပင် စက်ထဲညှပ်ပါသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးရေပြား၊ နာရွက်နှစ်ဘက်၊ ဝဲဘက်ပါး၊ ဝဲဘက် လက်ခလယ်နှင့် လက်သူကြွယ်တို့တွင် ထိခိုက်ဒဏ်ရာ အပြင်းထန်ရရှိထားကြောင်း ၎င်းက ဆိုသည်။

“စက်က ဟွန်ဒါစက်။ ဆံပင်က ဒလိမ့်တုံးထဲလိမ့်ပါတာမဟုတ်ဘူး။ ဘေးက လက်ကိုင် ဘီးထဲ လိမ့်ပါသွားတာ။ ထိပ်ကစပြီး လည်ပင်းအထိ အရေပြားတွေ လန်သွားတယ်။ ဘယ်ဘက်နားရွက် ညာဘက်နားရွက်လည်းပါသွားတယ်။ လက်ချောင်းတွေလည်းပြတ်သွားတာ” ဟု မိသားစုဝင်က ပြောဆိုသည်။

မအိဖြိုးဝေ သည် ထားဝယ်ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း မိသားစုထံမှ သိရသည်။

၎င်းတွင် ကိုယ်ဝန်ခုနစ်လ ရှိနေကာ စားဝတ်နေရေးနှင့် ဆေးဆက်လက်ကုသရန် အကူအညီလိုအပ်နေခြင်းကြောင်း မိသားစုထံမှ သိရသည်။

မအိဖြိုးဝေသည် ပဲခူးတိုင်း ပဲခူးမြို့ စာမနက်ရွာဇာတိဖြစ်ပြီး ခင်ပွန်း၊ အသက် ၂နှစ်အရွယ်သမီးတို့ နှင့်အတူ ပြီးခဲ့သည့် နှစ်ကမှ ဆွေမျိုးသားချင်းများရှိရာ ရေဖြူမြို့ နယ် ကံပေါက်ဒေသတွင် ရော်ဘာလုပ်ငန်းလာရောက်လုပ်ကိုင်နေသူလည်းဖြစ်သည်။