ထိုင်းအစိုးရက နှစ်သစ်ကူးလက်ဆောင်အဖြစ် စက်သုံးဆီနှင့် မီတာခ လျှော့ချပေး

0
1028

ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက တင်သွင်းထားသော နှစ်သစ်လက်ဆောင်အဖြစ် စက်သုံးဆီနှင့် လျှပ်စစ်မီတာခလျှော့ချရေးအဆိုကို အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။

ဒီဇယ်ဈေးနှုန်းကို တစ်လီတာ ဘတ် ၃၀ အောက်သာထားရှိရန်၊ ဓါတ်ဆီဈေးနှုန်းကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဆက်တိုက်လျှော့ချ ပေးသွားရန်နှင့် တစ်လ ယူနစ် ၃၀၀ ထက်မကျော်သော အိမ်သုံးလျှပ်စစ်မီတာခများကို တစ်ယူနစ် ၃ ဒသမ ၉၉ ဘတ်အတိုင်း ထားရှိပေးရန် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးခဲခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒါက ဝန်ကြီးဌာနကပေးတဲ့ နှစ်သစ်လက်ဆောင်တွေအနေနဲ့ ဈေးလျှော့ချပေးတာပါ။ ဒါက ရေတိုအတွက်ပါပဲ။ ရေရှည်အတွက်လည်း ပြည်သူတွေ အကျိုးရှိစေမဲ့ နည်းလမ်းတွေ ရှာနေတုန်းပါပဲ” ဟု ဝန်ကြီးက ဆိုသည်။

ယင်းအပြင် LPG ဓာတ်ငွေ့ရည်၊ အိမ်သုံးဂတ်စ်ဈေးနှုန်းကိုလည်း ၁၅ ကီလိုဂရမ်အတွက် ၄၂၃ ဘတ်ကို သုံးလအထိ ထားရှိခွင့်ပြုမည်ဖြစ်ကြောင်း အစိုးရအဖွဲ့၏ အပတ်စဉ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၃၀၀ ယူနစ်ထက်မပိုသော အိမ်သုံးလျှပ်စစ်မီတာခများကိုလည်း ဇန်နဝါရီလမှ ဧပြီလအထိ တစ်ယူနစ် ၃ ဒသမ ၉၉ ဘတ်သာ ထားရှိပေးမည်ဖြစ်သဖြင့် အိမ်ထောင်စုပေါင်း ၁၇ သန်းအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း လျှပ်စစ်မီတာခများကို အများဆုံး တစ်ယူနစ် ၄ ဒသမ ၂ ဘတ်ထက် မပိုစေရန် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ယခင်က အိမ်သုံးလျှပ်စစ်မီတာခများကို ဇန်နဝါရီလမှ ဧပြီလအထိ တစ်ယူနစ် ၃ ဒသမ ၉၉ ဘတ်ကနေ ၄ ဒသမ ၆၈ ဘတ်သို့ ၁၇ ရာခိုင်နှုန်းကျော်တိုးကောက်ရန်အတွက် စွမ်းအင်ဖြန့်ဖြူးရေးအဖွဲ့က အတည်ပြုထားခဲ့ခြင်းဖြစ်သည်။

ယခုအစိုးရအဖွဲ့က အတည်ပြုပေးခဲ့မှုကြောင့် လျှပ်စစ်မီတာခများသည် အများဆုံး တစ်ယူနစ် ၄ ဒသမ ၂ ဘတ်ထက် ကျော်လွန်မည်မဟုတ်တော့ဘဲ အိမ်သုံးမီတာများလည်း တစ်ယူနစ် ၃ ဒသမ ၉၉ ဘတ်သာ ပေးချေရတော့မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများအတွက်မူ လျှပ်စစ်မီတာခဈေးနှုန်းများသည် အစိုးရသတ်မှတ်ထားသောဈေးနှုန်းအတိုင်းမဟုတ်ဘဲ တိုက်ခန်းဈေးနှုန်းများအရ ၇ ဘတ်မှ ၁၁ ဘတ်အထိ ပေးချေနေကြရကြောင်း မဟာချိုင်ရှိ အလုပ်သမားများထံမှ သိရသည်။

“သုံးတာကတော့ ယူနစ်တစ်ရာလောက်ပဲ။ ကျတာက တစ်ထောင်ကျော်နေတယ်။ အစိုးရသတ်မှတ်ထားတဲ့အတိုင်းဆို ၄၀၀ လောက်ပဲ ကျရမှာ။ အခုက မီတာခ၊ အခန်းခနဲ့ပဲ နပန်းလုံးနေရသေးတယ်” ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် လျှပ်စစ်မီတာခများသည် ထိုင်းအစိုးရသတ်မှတ်ထားသော လျှပ်စစ်ယူနစ်များရှိသကဲ့သို့ တိုက်ခန်း၊ ကွန်ဒိုများက သတ်မှတ်ထားသော ဈေးနှုန်းများလည်း ရှိသဖြင့် ကွာခြားမှု အနည်းငယ်ရှိသည်။