ရခိုင်တောင်ပိုင်း ရမ်းဗြဲတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပစ်ခတ်

0
578

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပစ်ခတ်ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းဌာနတို့တွင် ဖော်ပြချက်များအရ သိရသည်။

ရခိုင်ပြည်နယ်တွင် မြောက်ပိုင်းတွင်သာ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိရာမှ လက်ရှိတွင် တောင်ပိုင်းမြို့နယ်များတွင်ပါ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတို့တွင် ဖော်ပြသည်။

ယခင်တိုက်ပွဲကာလများတွင် ရမ်းဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Development Media Groupက ဖော်ပြသည်။

ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇နာရီကျော်တွင် ရမ်းဗြဲမြို့ မြို့မစျေးကြီးအနီး သိမ်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့် ဒေသခံတို့ထံမှ သိရသည်။

ယင်းနောက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်က လေကြောင်းဖြင့် မြို့ကို ပစ်ခတ်လာကြောင်း ဒေသတွင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယင်းအပြင် စစ်ကောင်စီတပ်စခန်းများနှင့် စစ်သင်္ဘောတို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားသောကြောင့် ရမ်းဗြဲမြို့ခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ဖော်ပြသည်။

လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများကြောင့် ထိခိုက်မှုအခြေအနေကိုမူ သေသေချာချာ မသိရသေးပေ။

ရခိုင်တွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။