ကလိန်အောင်တွင် ရဲကားပစ်ခတ်ခံရပြီး အရာရှိတစ်ဦးအပါအဝင် သုံးဦးသေဆုံး

0
875
ပုံစာ - ကလိန်အောင်နယ်မြေရဲစခန်း ၊ အလံတိုင်ကွင်း

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးတွင် ယနေ့(ဒီဇင်ဘာ ၁၂) မနက်ပိုင်းက ရဲများလိုက်ပါလာသည့် ဟွန်ဒါဖစ်အနက်ရောင်ကားတစ်စီး ပစ်ခတ်ခံရကြောင်း ကလိန်အောင်ဒေသခံများထံကသိရသည်။

ရေဖြူမြို့နယ် ၊ ရေး- ထားဝယ်ကားလမ်းပိုင်း ၊ ကလိန်အောင်မြို့နယ် ၊ မိုင် ၆၀ ရွာနှင့် သာယာမွန်ရွာအကြားရှိ မိုင်တိုင် ၆၂ အနီးတွင်ပစ်ခတ်ခံရခြင်းဖြစ်သည်။

“ကားမှာ ပစ်ခံထားရတာက အရှေ့မှန်ရော၊ အနောက်မှန်တွေရော အကုန်ကွဲနေတယ်။ တာယာလည်းပေါက်နေတယ်။ အရှေ့ခန်းမှာကတစ်ယောက်၊ အနောက်ခန်းမှာက နှစ်ယောက် သွေးတွေနဲ့ မှတ်တောင်မမှတ်မိဘူး “ ဟု ပစ်ခတ်ခံရသည့်ကားကို မျက်မြင်တွေ့ရသည့် ကားသမားတစ်ဦးက ပြောသည်။

မလွှဲတောင်ဘက်မှ ထားဝယ်ဘက်သို့ ဦးတည်မောင်းနှင်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ခရီးသွားကားသမားများမှ ပစ်ခတ်ခံရသည့်ကားကို မြင်တွေ့ရ၍ ကလိန်အောင်မြို့သို့ အကြောင်းကြားခဲ့ရကြောင်း ကားသမားများကဆိုသည်။

ပစ်ခတ်ခံရသည့်ကားပေါ်တွင် လိုက်ပါလာသူများသည် ကလိန်အောင်နယ်မြေရဲစခန်းမှ ရဲအရာရှိ မောင်နု ပါဝင်ကြောင်း ကနဦးအတည်ပြုနိုင်ခဲ့ပြီး ကျန်နှစ်ဦး၏အသေးစိတ်အချက်အလက်ကိုမူ ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ဒီဇင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းတွင်မူ ပစ်သတ်ခံရသူ ၃ ဦး၏အလောင်းကို ကလိန်အောင်မြို့သို့ ပြန်သယ်ဆောင်လာပြီဖြစ်ကြောင်း နှင့် ပစ်ခတ်ခံရသည့်ကားကို ရဲစခန်းအရှေ့တွင်ရပ်ထားကြောင်း မြို့ခံများကပြောသည်။

ပစ်ခတ်မှု ဖြစ်စဥ်အား မည်သည့်အဖွဲ့အစည်း ပြုလုပ်ခဲ့ကြောင်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရေး-ထားဝယ်ကားလမ်းပိုင်း ရေဖြူမြို့နယ်အပိုင်းတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီယာဥ်တန်းများမိုင်းဆွဲခံရလေ့ရှိပြီး အရပ်သားကား၊ ဌာနဆိုင်ရာကားများလည်း မကြာခဏပစ်ခတ်ခံရလေ့ရှိသည်။