မွန်က မြို့နယ်အချို့တွင် စက်သုံးဆီ ပြင်ပစျေးကွက်ပေါ်လာ၊ ဆီတစ်လီတာ ကျပ် ၇၀၀၀ အထိ ရောင်းချ

0
538

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်လာပြီးနောက်ပိုင်း မြို့နယ်အချို့တွင် စက်သုံးဆီ ရောင်းချသည့် ပြင်ပ စျေးကွက်ပေါ်လာပြီး စက်သုံးဆီတစ်လီတာလျှင် ကျပ် ၇၀၀၀ အထိ ရောင်းနေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်အချို့တို့တွင် ဆီဝယ်ယူရရှိနေသော်လည်း နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းနေရသလို အချို့ဆိုင်က အကန့်အသတ်ဖြင့် ရောင်ပေးနေကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြင်ပစျေးကွက်တွင် အလွယ်တကူ လိုသလောက် ဝယ်ယူရရှိသဖြင့် ပြင်ပတွင် စျေးကြီးပေး ဝယ်နေကြရကြောင်း ၎င်းက ဆိုသည်။

စက်သုံးဆီဆိုင်တို့တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားသာရှိနေသော်လည်း ပြင်ပ‌စျေးကွက်တွင် ၉၂/၉၅ တစ်လီတာ ကျပ် ၄၀၀၀ မှ ၇၀၀၀အထိ ရောင်းနေကြကြောင်း စက်သုံးဆီသုံးစွဲသည့် ဒေသခံတို့ထံမှ သိရသည်။

ဆီဆိုင်များတွင် အကြိမ်ကြိမ် တန်းစီပြီး ဆီဝယ်ယူကာ ပြင်ပတွင် စျေးတင်ကာ ပြန်လည်ရောင်းချကြသဖြင့် ပြင်ပစျေးကွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အပြင်မှာဆို လိုသလောက်ဝယ်လို့ရတယ်။ ဒါပေမဲ့ စျေးတော့ကြီးတယ်။ ၆၀၀၀/၇၀၀၀ ထိ ရောင်းနေကြတယ်။ တချို့ အရေးပေါ် လိုတဲ့လူတွေကတော့ အဲဒီမှာ ဝယ်နေကြတယ်။ ဆီဆိုင်တွေမှာလည်း မရဘူးလေ အခုထိ။ (ဆီပြန်ရောင်းတဲ့သူ) အဲဒီလို လုပ်စားတဲ့လူတွေကြောင့်လည်း ဆီရဖို့ ပိုခက်ခဲလာတယ်” ဟု အထက်ပါ မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ပြင်ပစျေးကွက်မှာ မော်လမြိုင်အပြင် သထုံ၊ မုဒုံ၊ သံဖြူဇရပ် စသည့်မြို့နယ်တို့လည်းဖြစ်ပေါ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြင်ပတွင် စက်သုံးဆီရောင်းချမှုပေါ်လာပြီးနောက် စစ်ကောင်စီဘက်က ဖမ်းဆီးမှုရှိလာကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်၊ လမုတန်း‌စျေးအနီးတွင် စက်သုံးဆီ ရောင်းချနေ သည့် အသက် ၃၀ကျော်အရွယ် မအေးဒါလှိုင်ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အဆိုပါအမျိုးသမီးသည် စက်သုံးဆီဝယ်ယူလိုပါက ဆက်သွယ်နိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေထားရာမှ စစ်ကောင်စီတပ်က သွားရောက် ဖမ်းဆီးခဲ့ပြီး ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီကလည်း ပြီးခဲ့သည့်ရက်ပိုင်းက လိုင်စင်မရှိဘဲ စက်သုံးဆီ ဂါလံ ၅၀ အထက်သိုလှောင်ထားပါက ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း မွန်ပြည်နယ်အတွင်းက ဆီဆိုင်များ အနေဖြင့် ဆီစျေးနှုန်း အတက်အကျပေါ် မူတည်ပြီး ရောင်းချရန်နှင့် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချမှု မရှိပါက ထိရောက်စွာ အရေးယူမည်ဟု ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောဆိုထားသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မရှိစေရန်နှင့် ဆီတင်သွင်းခွင့်ရရှိသည့် လုပ်ငန်းရှင်များ အနေဖြင့် အမြန် ဆောင်ရွက်ကြရန်၊ လိုအပ်ပါက ပြည်နယ်အစိုးရအဖွဲ့က ဝိုင်းဝန်းကူညီ‌ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

သို့သော်လည်း မွန်ပြည်နယ်အတွင်း စက်သုံးဆီ ပြတ်လပ်မှုပြဿနာသည် နှစ်ပတ်ခန့်ကြာလာသည်အထိ ဖြေရှင်းနိုင်ခြင်းမရှိဘဲ စက်သုံးဆီဆိုင်အများစုလည်း အရောင်းရပ်နားထားကြရဆဲဖြစ်သည်။

စက်သုံးဆီဝယ်ယူရရှိရန် အခက်အခဲရှိနေသည့်အတွက် အသေးစား၊ အလတ်စားလုပ်ငန်းများ၊ ပုဂ္ဂလိက လျှပ်စစ်ဖြန့်ဖြူးသည့် ကုမ္ပဏီများ၊ ကားသမားများ၊ ဆိုင်ကယ်သမားများ အခက်အခဲ ကြုံတွေ့နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်သုံးဆီပြတ်လပ်မှုမှာ မွန်အပြင် ကရင်၊ တနင်္သာရီ၊ ရန်ကုန်၊ မန္တလေး အစရှိသည့် တိုင်းနှင့် ပြည်နယ်များ တွင်လည်း ကြုံတွေ့နေကြရသည်။