တစ်လနီးပါးကြာတိုက်ခိုက်ခဲ့သည့် နှုံးဘူးဗျူဟာကို သိမ်းယူနိုင်ပြီဟု AA ထုတ်ပြန်၊ ဗျူဟာမှူးအလောင်းရဟုဆို

0
587

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ နှုံးဘူးဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၇ ရက်အကြာတွင် သိမ်းယူနိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့၏ အလောင်းရရှိကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် သည်။ 

စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ အမြောက်အများဖြင့် အပြင်းအထန် ပစ်ခတ်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၀ရက်တွင် နှုံးဘူးဗျူဟာကုန်းတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၁ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

နှုံးဘူးဗျူဟာမှူး အလောင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့၊ လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ထားသည်။

တစ်ပိုင်းတစ်စ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း သိမ်းယူနိုင်ရန် ဆက်လက်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

နှုံးဘူးဗျူဟာ ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် AA ဘက်က အထိအခိုက်အကျအဆုံးရှိကြောင်း ထုတ်ပြန်ထားပြီး အရေအတွက်ကို ဖော်ပြထားခြင်း မရှိပေ။

ပလက်ဝမြို့နယ်ရှိ ဗျူဟာကုန်းနှစ်ခုဖြစ်သည့် ထရွအိုင်နှင့် နှုံးဘူးဗျူဟာစခန်းတို့ကို နိုဝင်ဘာလ ၁၄ ရက်တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၁ ရက်အကြာ ဒီဇင်ဘာလ ၄ရက်နေ့တွင် ထရွန်အိုင်ဗျူဟာကို သိမ်းယူနိုင်ခဲ့ကြောင်း ဆိုသည်။ 

စစ်ကောင်စီနှင့် AA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းနောက် မြောက်ပိုင်းမဟာမိတ်တို့၏ ဒီဇင်ဘာလ ၁၁ ည စစ်ရေးသတင်း ထုတ်ပြန်ချက်တွင် အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် တစ်ရက်မပျက် အရှိန်အဟုန်ဖြင့် ဆင်နွှဲလျက်ရှိကြောင်း ဖော်ပြထားသည်။