တရုတ်အကူအညီဖြင့် မြောက်ပိုင်းသုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြောင်း စစ်ကောင်စီပြော

0
642
ပုံစာ - မြေက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ တပ်ဖွဲ့ဝင်များ။

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောသည်။

စစ်ကောင်စီဘက်က မြန်မာနိုင်ငံအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ တာဝန်ရှိသူများနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ် (TNLA) ၊ ရခိုင်တပ် (AA) တို့မှ တာဝန်ရှိသူတို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ဆွေးနွေးမှု တိုးတက်မှုအပေါ်မူတည်ပြီး ဒီဇင်ဘာလ လကုန်ပိုင်းတွင် ထပ်မံဆွေးနွေးရန်ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

ဆွေးနွေးခဲ့သည့် နေရာ၊ နေ့ရက်၊ ဆွေးနွေးပွဲရလဒ် စသည်တို့ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကလည်း ဆွေးနွေးပွဲ ရလဒ်ကောင်းထွက်ပေါ်ခဲ့ပြီး တရုတ်အစိုးရက ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဆွေးနွေးပွဲကို တရုတ်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းညီနောင်မဟာမိတ်ဘက်က ခေါင်းဆောင်ပိုင်းနှင့် စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး တက်ရောက်ခဲ့ကြောင်း ဘီဘီစီမြန်မာပိုင်းသတင်းတွင် ဖော်ပြသည်။

TNLA ဘက်ကမူ တွေ့ဆုံဆွေးနွေးမှုကိစ္စမှာ မဟုတ်မမှန်ဟု ငြင်းဆိုကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ MNDAA နှင့် AA တို့ဘက်ကမူ အဆိုပါတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ မီဒီယာများသို့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မတွေ့ရသေးပေ။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့သည် ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည်။