လောင်းလုံးတွင် ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခဲ့မှုများ NUG စစ်ဆေးနေ

0
1449

လောင်းလုံးမြို့နယ်အတွင်း ဒလန်ဟုဆိုကာ တရားမဲ့သတ်ဖြတ်ထားသည့်ကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ဆေးနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း အတွင်းမှသိရသည်။

ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခြင်းကို ခံရသဖြင့် အရေးယူပေးပါရန် သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များနှင့် အသိုင်းအဝိုင်းများက တိုင်ကြားမှုများ လုပ်ဆောင်ထားပြီး ယင်းအပေါ် စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ သုံးလအတွင်း အသက် ၆၀ ကျော်အရွယ် သီလရှင်တစ်ပါး အပါအဝင် ပြည်သူ ၇ ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယခုနှစ် စက်တင်ဘာလ အတွင်းက ထုတ်ပြန်ထားသည်။

ယင်းသို့လက်နက်ကိုင်မဟုတ်ဘဲ သတ်ဖြတ်လိုက်သည့်အပေါ် အသတ်ခံရသူများ၏ မိသားစုဝင်အချို့က ငြင်းချက်ထုတ်ပြီး အမှန်တရားကိုလိုချင်ကြောင်း တောင်းဆိုကြသလို ပြည်သူများ၊ တော်လှန်ရေးအုပ်စုများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ ဝေဖန်သံလည်း ကျယ်လောင်ခဲ့သည်။

ယင်းသို့ပင် လောင်းလုံးမြို့နှင့် ထားဝယ်မြို့နယ်အကြား ကျေးရွာတစ်ရွာရှိ ရော်ဘာခြံဝင်းတစ်ခုအတွင်း တော်လှန်ရေးသမားများက သတ်ဖြတ်ထားသည့် ၁၀ လောင်းကျော် မြှုပ်နှံထားကြောင်း Dawei Watch က သတင်းဖော်ပြထားပြီးဖြစ်သည်။

ယင်းအပြင်ထပ်မံသိရှိရသည့် အချက်များအရ လက်သည်မပေါ်ဘဲ အသတ်ခံရမှုများတွင်လည်း တရားမဲ့ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ရှိနေကြောင်း သိရသည်။

ယင်းသို့ တရားမဲ့ သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၃ လခန့်ကတည်းက အမျိုးသားညီညွတ်ရေးအစိုး၏ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးနေကြောင်းသိရသည်။

မကြာခင်တွင် ကျူးလွန်သည့်အဖွဲ့နှင့် ကျူးလွန်သူများကို အရေးယူနိုင်သည့် အဆင့်သို့ရောက်မည်ဟု ယုံကြည်ကြောင်း နိုင်ငံရေးသမားအချို့ကဆိုသည်။

ယခုတော်လှန်ရေးမှာ ပြည်သူ့ကြားက ပေါ်ပေါက်လာခြင်းဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရမှာလည်း ပြည်သူ့ အသံနားထောင်သည့် ပြည်သူ့အစိုးရတစ်ရပ်ဖြစ်သဖြင့် ပြည်သူများ ကြုံတွေ့နေရသည့် တရားမဲ့လုပ်ဆောင်မှုများကို အရေးယူပေးနိုင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ထောက်ပြသည်။

ယင်းလုပ်ရပ်မှာ တော်လှန်ရေးအတွက် အရေးပါသည့် လုပ်ဆောင်မှုဖြစ်သဖြင့် ကြိုဆိုကြောင်းလည်း ၎င်းကဆိုသည်။