ကင်းမွန်ဈေးကျဆင်းသဖြင့် မြိတ်က ငါးဖမ်းလှေအချို့ အခက်တွေ့

0
808

မြိတ်မြို့ရှိ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ကင်းမွန်ဈေးနှုန်းများ ကျဆင်းနေသဖြင့် ငါးဖမ်းလှေအချို့ အခက်တွေ့နေရကြောင်းကင်းမွန်ဈေးကွက်နှင့် ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူတို့မှ သိရသည်။

ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီအား နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် နှစ်သိန်းတစ်သောင်းငါးထောင်ကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းငါးသောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် တစ်သိန်းကျပ်၊ နံပါတ် ၆ ဆိုဒ် ငါးသောင်းကျပ် ရှိခဲ့ကြောင်း ယင်းဈေးကွက်မှ သိရသည်။

နိုဝင်ဘာလကုန်ခန့်မှစပြီး နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် တစ်သိန်းကိုးသောင်းငါးထောင်ကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းသုံးသောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် ခုနှစ်သောင်းကျပ်၊ နံပါတ် ၆ ဆိုဒ် လေးသောင်းကျပ်အထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကင်းမွန်တစ်ဗန်းလျှင် အနည်းဆုံးကျပ်တစ်သောင်းမှ အများဆုံးနှစ်သောင်းကျပ်အထိ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

“ဈေးကျတဲ့အပြင် အကြွေးပါကျနေတာဆိုတော့ ငါးဖမ်းရာသီမစသေးဘူး ရပ်တဲ့သူက ရပ်ကုန်ကြပြီ” ကင်းမွန်လှေရှင် တစ်ဦးက ပြောသည်။

ထိုင်းသို့တင်ပို့ရာတွင် ကင်းမွန်ဈေးနှုန်းများ ကျဆင်းနေသဖြင့် ဝယ်ယူသည့်ဘက်တွင်လည်း ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း ကင်းမွန်အရောင်းအဝယ်ပြုလုပ်သူအချို့က ပြောပြသည်။

ကင်းမွန်ဈေးအပြင် ပါကင်ငါး (ငါးအမှုန့်ပြုလုပ်သည့်ငါး) ဈေးနှုန်းများကျဆင်းလာပြီး ပါကင်ငါး‌ရောင်းရသည့် ငွေများမရရှိသေးသည့်အတွက် ငါးဖမ်းလှေအချို့မှာ လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်နားနေရပြီဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“ပါကင်ငါးဖိုးက ကုမ္ပဏီဘက်မှာ ကြာနေတယ်။ ငါးဖိုးမရသေးတော့ လှေပြန်မထွက်နိုင်သေးဘူး” ဟု ကျွန်းစုမြို့နယ်အတွင်းရှိ ကင်းမွန်လှေရှင်တစ်ဦးက ပြောသည်။

ပါကင်ငါးရောင်းရငွေများ မရရှိသည်မှာ တစ်လနီးပါးခန့်ရှိနေပြီဖြစ်ကြောင်း ကင်းမွန်လှေရှင်အချို့က ပြောပြသည်။

အဆိုပါ ပါကင်ငါးတစ်ကီလိုလျှင် ၈၀၀ ကျပ်ကျော်မှ ၇၀၀ ကျပ်ဝန်းကျင်အထိ ကျဆင်းလာကြောင်း ယင်းဈေးကွက်မှ သိရသည်။

ကုမ္ပဏီဘက်မှ ပါကင်ငါးအဝင်များနေသဖြင့် ငွေရှင်းပေးရန် အချိန်အနည်းငယ် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ငါးအမှုန့်ကြိတ်စက်ရုံကုမ္ပဏီအသိုင်းအဝိုင်းမှ သိရသည်။

ထို့အပြင် ငါးဖမ်းလှေတို့သည် စက်သုံးဆီ၊ အလုပ်သမားခနှင့် အထွေထွေစရိတ်စကများ ကြီးမြင့်ခြင်းနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။

မြိတ်ဒေသထွက် ကင်းမွန်တို့အား မောတောင်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတစ်ဆင့် ထိုင်းသို့ တင်ပို့ရောင်းချလေ့ရှိကြသည်။

မြိတ်ခရိုင်အတွင်း ကင်းမွန်မီးထွန်းငါးဖမ်းလှေ အစီးရေနှစ်ထောင်ကျော်ရှိပြီး ရေလုပ်သားဦးရေ နှစ်သောင်းခန့်မှာ ယင်းလုပ်ငန်းအား မှီခိုလုပ်ကိုင်နေကြရသည်။