ပလမြို့ တိုတောင်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်တိုက်

0
1470

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက် နံနက် ၁၁ နာရီခွဲတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ယနေ့ နိုဝင်ဘာလ ၂၈ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) ထံမှ သိရသည်။

“ဘယ်နှစ်ဦးဒဏ်ရာရတယ်ဆိုတာကတော့ အတိအကျမသိဘူး” ဟု မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် စခန်းတစ်ခုလုံးကို ချေမှုန်းနိုင်ခြေရှိခဲ့သော်လည်း စစ်ကောင်စီတပ်က ဖြတ်သန်း သွားလာသည့် အရပ်သားများကို ပစ်ခတ်နေသည့်အတွက် ပြည်သူထိခိုက်မည် စိုးရိမ်ကာ ပြန်ဆုတ်ခွာလိုက်ရသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုတောင်ပေါ်တွင် စစ်ကောင်စီတပ်က ကတုတ်ကျင်းများ၊ ဘန်ကာများ စနစ်တကျတည်ဆောက်ကာ တပ်စွဲထားကြောင်းလည်း မြိတ်ခရိုင်တပ်ရင်း (၁) ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် ယနေ့တွင် မြိတ်မြို့ဘက်မှ စစ်ကောင်စီတပ်သား အင်အား ၈၀ ဝန်းကျင် တိုတောင်သို့ ရောက်ရှိလာပြီး အင်အားဖြည့်တင်းထားကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ကဒဲကျေးရွာအတွင်းသို့လည်း  လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အရပ်သား ထိခိုက်မှု မရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပုလောမြို့နယ်အတွင်း မကြာမီတိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် နီးကပ်စွာ နေထိုင်သွားလာခြင်း မပြုရန် မေတ္တာရပ်ခံကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။