လောင်းလုံးဘုရားလှည့်ပွဲလိုက်သည့် အမျိုးသားတစ်ဦး မတော်တဆထိခိုက်မှုကြောင့် ဆေးရုံရောက်

0
959

ယနေ့ နံနက်ပိုင်းက ကျင်းပသည့် လောင်းလုံးဘုရားလှည့်ပွဲတွင် လိုက်ပါသည့် အမျိုးသားတစ်ဦး မတော်တဆထိခိုက်ပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း မြို့ခံအချို့က ပြောသည်။

မတော်တဆမှုကြောင့် ဦးခေါင်းဒဏ်ရာရရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားကို ယနေ့ နံနက် ၁၀ နာရီတွင် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

လောင်းလုံးမြို့အနီးဝန်းကျင် ကျေးရွာတို့တွင်မူ အဆိုပါအမျိုးသားမှာ ဘုရားလှည်းပေါ်မှ ပြုတ်ကျသဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သတင်းပြန့်လျက်ရှိကြောင်း ဒေသခံအချို့က‌ ပြောဆိုသည်။

မတော်တဆမှုတစ်ခုကြောင့် ထိခိုက်မှုဖြစ်သည်မှာ မှန်ကန်သော်လည်း အသက်သေဆုံးခြင်း မရှိကြောင်း ဆေးရုံပို့ပေးရန် ကူညီလုပ်ကိုင်ပေးသူတစ်ဦးက ပြောသည်။

ဆေးရုံတွင် ဦးခေါင်း လေးချက်ချုပ်ပြီး နေ့လည် ၁၂ နာရီတွင် လောင်းလုံးမြို့ကို ပြန်ရောက်လာခဲ့ကြောင်း ၎င်းကအတည်ပြုပြောဆိုသည်။

လောင်းလုံးမြို့ ဘုရားလှည့်ပွဲကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ကျင်းပနေခြင်းဖြစ်သည်။

ယခုတစ်ပတ်အတွင်း လောင်းလုံးမြို့နယ်အတွင်း ကောလာဟလသတင်းမျိုးစုံထွက်ပေါ်လျှက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်ညက ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း တီးဇစ်ကမ်းခြေ ဘူ့ထောင့်မှတစ်ဆင့် ဝင်ရောက်လာနေကြောင်း ကောလာဟလကြောင့်လည်း ဒေသခံများ ညတွင်းချင်း တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။

ထိုညတွင်ပင် ဂေါ့အင်းကျေးရွာတွင် ဖယောင်တိုင်းမီးမှ မတော်တဆမှုကြောင့် နေအိမ်မီးလောင်မှုကိုလည်း ရှို့မီးဟု ကောလာဟလ ထွက်ပေါ်ခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။