မြိတ်-တနင်္သာရီလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ

0
2752

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ယာဥ်တန်းမိုင်းဆွဲခံရကြောင်း မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်တပ်ရင်း(၂)နှင့် ဒေသခံများ ထံမှသိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က တနင်္သာရီဘက်မှ ဆင်းလာသည့် စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း(၁)မှ မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးသွားပြီး စစ်ကောင်စီဘက်မှ ၄ ဦးဒဏ်ရာရရှိသွားကြောင်း မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် ရုပ်သံဖိုင်တစ်ခုလည်းပါရှိပြီး ယင်းရုပ်သံဖိုင်တွင် သေနတ်ပစ်ခတ်သံများသာ ကြားနေရသည်။

“လေးဦးဒဏ်ရာရပြီး လူနာတင်ယာဥ်နှစ်စီးနဲ့ လာတင်သွားတယ်လို့ သိရတယ်။ သူတို့စီးလာတဲ့ကားက ကျောက်တင်တဲ့ အရပ်သားကားပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကပြောသည်။

မိုင်းဆွဲသည့်တည်နေရာကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း ဒေသခံများအား စုံစမ်းမှုအရ ပြည်ထောင်စုလမ်းရှိ ညောင်ပင်ကုန်းရွာအနီးတွင် ဖြစ်ပျက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁)သည် မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ ၁၊ တနင်္သာရီပကဖ ဘက်မလိုက်ပြောက်ကြားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ပကဖ တို့ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ကြောင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

တနင်္သာရီတိုင်းတွင် မကြာခင် စစ်ရေးအရှိန်မြင့် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွါ သွားလာကြရန်နှင့် တော်လှန်ရေးအင်အားစုများမှ လိုအပ်ချက်အရ ထုတ်ပြန်ထားသည့် စည်းကမ်းများအား လိုက်နာကြရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တန်း မကြာခဏမိုင်းဆွဲခံရလေ့ရှိသည်။