မြိတ်တွင် ကိုးတန်းကျောင်းသူတစ်ဦး ပုဆိန်ဖြင့်အခုတ်ခံရ၍ သေဆုံး

0
8275
ပုံစာ - တောင်ရှည်ရွာရှိ အခင်းဖြစ်ပွားသည့် နေအိမ်။

မြိတ်မြို့နယ် တောင်ရှည်ကျေးရွာတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ရှစ်နာရီအချိန်က ပုဆိန်ဖြင့်အခုတ်ခံရ၍ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်‌ဦး သေဆုံးခဲ့ရကြောင်း ယင်းရွာသားများထံမှ သိရသည်။

တောင်ရှည်ရွာရှိ ကျောင်းဆရာမတစ်ဦး၏ နေအိမ်အပေါ်ထပ်တွင် ဖုန်းသုံးနေသည့် ကိုးတန်းကျောင်းသူကို အသက် ၃၀ ကျော်အရွယ် ဆရာမ၏အမျိုးသားဖြစ်သူက ပုဆိန်တစ်လက်ဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောပြသည်။

“ကပ်ပ(ပုဆိန်)နဲ့ ခေါင်းကိုခုတ်ပြီး အိမ်အောက်ကို ဆွဲပစ်ချလိုက်တာ” ဟု တောင်ရှည်ရွာသားတစ်ဦးက ပြောသည်။

အဆိုပါကိုးတန်းကျောင်းသူမှာ ယင်းအိမ်၏ အရှေ့အိမ်တွင်နေထိုင်ခြင်းဖြစ်ပြီး မြေးဖြစ်သူ ပုဆိန်ဖြင့် အခုတ်ခံရသည်ကို တွေ့သဖြင့် ပြေးလာသော အဘိုးကိုလည်း ထပ်မံခုတ်ခဲ့ကြောင်း ‌တောင်ရှည်ရွာသားက ပြောပြသည်။

“မြေးမလေးကို ဝင်ကယ်တဲ့ အဖိုးကလည်း ခုတ်ခံထိလို့ ဆေးရုံပို့ထားရတယ်” ဟု ‌တောင်ရှည်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

ကိုးတန်းကျောင်းသူမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အသက် ၅၀ ကျော်ရှိ အဖိုးဖြစ်သူမှာ ပုဆိန်ဖြင့် အခုတ်ခံရသည့်ဒဏ်ရာများဖြင့် မြိတ်မြို့ရှိ တပ်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရကြောင်း ၎င်းက ဆိုသည်။

ပုဆိန်ဖြင့် ခုတ်သည့် အမျိုးသားသည် ဆေးကြောင်(မူးယစ်ဆေးဝါးသုံးစွဲထားခြင်း)ပြီး အကြောင်းမဲ့ ပုဆိန်ဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောပြသည်။

တောင်ရှည်ရွာသည် မြိတ်-တနင်္သာရီကားလမ်းမနံဘေးတွင် တည်ရှိပြီး မြိတ်မှ ၂၃ မိုင်ခန့်ကွာဝေးသည်။