ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူတစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း AA ပြော

0
716

ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ပြည်သူ တစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာလ ၂၁ရက် ညတွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၆ ရက်တွင် AA က ပေါက်တောမြို့ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို သိမ်းယူကာ မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် စစ်သင်္ဘောတို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က ယင်းနေ့တွင်ပင် မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီး မြို့ထဲတွင် ပြည်သူများပိတ်မိနေခဲ့ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

ယင်းနောက် နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ပေါက်တောမြို့တွင်း နေရာအချို့နှင့် လောကထိပ်ပန် ဘုရားကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို AA က ဝင်ရောက်တိုက်ခိုက်ကြောင်း AA က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ထားသည့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ အပါအဝင် ပြည်သူ တစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိအခိုက်များသဖြင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ကြောင်းလည်း ဖော်ပြပါရှိသည်။

စစ်တွေမြို့ရှိ စစ်ကောင်စီတပ်က လည်း ပေါက်တောမြို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။

တိုက်ပွဲအတွင်း AA ဘက်ကလည်း ကျဆုံးဒဏ်ရာရမှုအချို့ရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်တိုက်ခိုက်နေပြီး ကျန်ရှိနေသေးသည့် ပြည်သူများလွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ရက်မှ စတင်ကာ AAနှင့် စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီး ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။