ကော့သောင်းမှ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၈ ဦး ရနောင်းတွင် ဖမ်းဆီးခံရ

0
809

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် ကော့သောင်းမြို့မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၈ ဦးကို နိုဝင်ဘာ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ဖမ်းမိခဲ့ကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ယနေ့ထုတ်ပြန်သည်။

ရနောင်းခရိုင် ကရဘူရီဒေသရှိ ဆီအုန်းခြံထဲတွင် ပုန်းခိုနေသော မြန်မာအလုပ်သမား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးကို ထိုင်းတပ်မတော်က ကင်းလှည့်ရင်း ချောင်းမြောင်းဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ရန်ကုန်မှတစ်ဆင့် ကော့သောင်းခရိုင် ခမောက်ကြီးသို့ ရောက်လာခဲ့ကြပြီး ယင်းမှတစ်ဆင့် လှေဖြင့် ကရဘူရီမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ကရဘူရီဒေသသို့ ရောက်ရှိသောအခါ ကြိုစောင့်နေသော ထိုင်းနိုင်ငံသားများက မြန်မာအလုပ်သမားများကို ဆီအုန်းခြံတစ်ခြံတွင် စောင့်ဆိုင်းနေစေခဲ့ကြောင်း၊ အားလုံးသည် မလေးရှားနိုင်ငံသို့ သွားရန်အတွက် ကားကို စောင့်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၇၀၀၀၀ (၆၆ သိန်းကျော်) ပေးရကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ပါ့ကျန်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ဖမ်းဆီးခံရမှုသည် ၁၄ ခုအထိ ရှိခဲ့ပြီး အလုပ်သမား ၁၈၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းစုစည်းမှုအရ သိရသည်။

Ref: หน่วยเฉพาะกิจกรมทหารราบที่25