မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ CDM လုပ်ရန် ပကဖ သတိပေး

0
790

မြိတ်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း Non CDM များအနေဖြင့် ပြည်သူနှင့်အတူပူးပေါင်းပြီး CDM ပြုလုပ်ရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) က နိုဝင်ဘာလ ၂၁ ရက်နေ့က သတိပေးစာ ထုတ်ပြန်သည်။

ဝန်ထမ်းများအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အမြန်ဆုံးချိတ်ဆက်ပြီး စာရွက်စာတမ်းများ အပ်နှံကြရန် နောက်ဆုံးအနေဖြင့် သတိပေးသည်ဟုလည်း ဖော်ပြသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် တော်လှန်ရေးအင်အားစုများက မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများ ဆင်နွဲနေရာ လက်ရှိအချိန်ထိ NUG အမျိုးသားညီညွတ်ရေးအစိုးရ အောက်သို့  ခိုလှုံလာသည့် CDM ဝန်ထမ်း ၁၄၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းအတွင်းတွင်လည်း လက်ရှိအချိန်အထိ CDM လုပ်လာသည့် ရဲနှင့် စစ်သည် ၂၃၇ ဦးရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

CDM လုပ်လာသည့် ရဲနှင့် စစ်သည်တို့မှာ ထားဝယ်ခရိုင်တွင် ၉၈ ဦး၊ မြိတ်ခရိုင်တွင် ၁၁၀ ဦး၊ ကော့သောင်းခရိုင်တွင် ၃၉ဦး ရှိကြောင်း ဆိုသည်။

CDM ပြုလုပ်လာသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ပြုဆုကြေးငွေများထောက်ပံ့ပေးအပ်ကာ သွားရောက်လိုသည့် နေရာများသို့ လုံခြုံစွာပို့ဆောင်ပေးခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်အရသိရသည်။

“ဝန်ထမ်းတွေအနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအချိန်ခါအပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ အချိန်ရောက်လာနေပြီလို့ မြင်တယ်” ဟု မြိတ်ခရိုင်ရှိ အမည်မဖော်လိုသည့် CDM ကျောင်းဆရာမတစ်ဦးက ပြောသည်။

မြိတ်ခရိုင်တွင် CDM မလုပ်သည့် ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးမည်ဟုလည်း သတိပေးထားသည်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာလ ၁၆ ရက်က စစ်ကိုင်းတိုင်းရှိ Non CDM ဝန်ထမ်းများသို့ နောက်ဆုံး အသိပေးထုတ်ပြန်ချက်တွင် CDM မလုပ်သည့် ဝန်ထမ်းများတည်ဆဲဥပဒေများအရ ပြင်းထန်စွာအရေးယူအပြစ်ပေးခြင်း ခံရမည်ဟု သတိပေးထားသည်။

လက်ရှိအချိန်တွင် မြိတ်မြို့ပေါ်၌ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဌာနဆိုင်ရာအပါအဝင် စာသင်ကျောင်းများ ပုံမှန်လည်ပတ်လျက်ရှိနေကြောင်း မြို့ခံများထံမှသိရသည်။