အာဏာသိမ်းပြီးနောက် အကြီးဆုံးတိုက်ပွဲဖြစ်ပွားနေကြောင်း ကုလပြော

0
673
ပုံစာ - ရှမ်းမြောက်တွင် နိုဝင်ဘာလ ၅ရက်က စစ်ကောင်စီတစ်စခန်းတစ်ခုကို မြောက်ပိုင်းမဟာမိတ်တပ်တို့က သိမ်းယူခဲ့စဉ်။ ဓာတ်ပုံ - The Kokang

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် လက်ရှိကာလတွင် တိုက်ပွဲအကြီးမားဆုံးဖြစ်ပွားနေပြီး မြေပြင်ပထဝီဝင် အနေအထားအရလည်း အကျယ်ပြန့်ဆုံးဖြစ်ပွားနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA က ထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန် မြင့်လာပြီး ရှမ်းမြောက်အပြင် ရှမ်းတောင်၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲ ပြင်းထန်လာကြောင်း ယနေ့ နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ လက်နက်ကိုင်ပဋိပက္ခပြင်းထန်လာသည့် တစ်လနီးပါးကာလအတွင်း ပြည်သူ နှစ်သိန်း ရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလက ဆိုသည်။

ပြည်သူများ နေရပ်စွန့်ခွာတိမ်းရှောင်ရသည့် အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မြင့်တက်လာနေပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက်အထိ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းကျော်သွားပြီဖြစ်ကြောင်းလည်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အရေးပါသည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဆိုးရွားစွာ ပိတ်ဆို့ပြတ်တောက်နေပြီး အရပ်သား ရွှေ့ပြောင်းသွားလာမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ပေးအပ်နိုင်ရန် အဟန့်အတားများ ဖြစ်ပေါ်နေကြောင်းလည်း ဆိုသည်။