မောင်မယ်ရှောင်ရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကားသမားသေဆုံး

0
1047
ပုံစာ - ပစ်ခတ်ခံရသည့် ကား

ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ရွာအနီးတွင် နိုဝင်ဘာလ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကားသမား သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများက အတည်ပြုပြောဆိုသည်။

သေဆုံးသွားသည့်ကားသမားသည် အသက် ၄၁ နှစ်အရွယ်ရှိ ကိုမင်းအောင်ဖြစ်ပြီး  ရေဖြူမြို့နယ်၊ ဧကနိရွာ ဇာတိဖြစ်သည်။

၎င်းသည်  ထားဝယ်မြို့ နယ် ပကာရီရွာ နှင့် တောင်သုံးလုံးရွာတွင်လည်း နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ပို့ဆောင်သည့် ဘောလုံးကား ယာဥ်မောင်းတစ်ဦးဖြစ်သည်။

နိုဝင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက မောင်မယ်ရှောင်ရွာ ရှင်ဓာတ်ဝဲဘုရားအနီးရှိ စစ်ကောင်စီတပ်သားများကို သွားရောက်ပစ်ခတ်သည့် ဖြစ်စဥ်အပြီး တစ်နာရီနီးပါးအကြာတွင် မောင်မယ်ရှောင်ရွာ နှင့် ညင်းထွေးရွာအကြား မောင်မယ်ရှောင်သုဿာန်အနီး၌ ကိုမင်းအောင် မောင်းနှင်လာသည့် အမဲရောင် ISUZU အမျိုးအစားကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရုပ်အလောင်းကို ထားဝယ်မြို့ရှိ စစ်တပ်ဆေးရုံသို့ သယ်ဆောင်သွားပြီး နိုဝင်ဘာလ ၂၀ ရက်ညနေပိုင်းတွင် မိသားစုကို အလောင်းထုတ်ခွင့် ပေးခဲ့သဖြင့်  ဇာတိဖြစ်သည့် ဧကနိရွာသို့ သယ်ဆောင်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။

“ ဒဏ်ရာကတော့ ဗိုက်မှာ ချက်အထက်အနား တစ်ချက် ၊ နားထင်မှာတစ်ချက် ရှိတယ် “ ဟု အလောင်းကို မျက်မြင်တွေ့ရသူတစ်ဦးက ပြောသည်။

ကိုမင်းအောင် မောင်းနှင်လာသည် ကား ကိုမူ မောင်မယ်ရှောင်ရွာ၊ ဘုရားမဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနီးတွင် ဆက်လက်ရပ်ထားသည်ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက အဆိုပါ ကားသမားသေဆုံးသည့်ဖြစ်စဥ်ကို PDF တစ်ဦးသေဆုံးကြောင်းနှင့် ကားတစ်စီးသိမ်းဆည်းရမိထားကြောင်း ဝါဒဖြန့်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်က PDF ရဲဘော်များဖမ်းဆီး ပစ်သတ်ခံရမှုမရှိဟု ငြင်းဆိုထားသည်။