တိုင်းအတွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေး အကန့်အသတ်ဖြင့်ထုတ်ယူနေရ

0
811
ပုံစာ- မြိတ်မြို့ရှိ KBZ မီနီဘဏ်ခွဲတစ်ခု။ (ပုံဟောင်း)

တနင်္သာရီတိုင်းအတွင်းရှိပုဂ္ဂလိကဘဏ်တို့တွင် ယခုရက်ပိုင်းအတွင်းမှစပြီး ငွေကြေး အကန့်အသတ်ဖြင့်သာ ထုတ်ယူနေရကြောင်း စုံစမ်းသိရသည်။

မြိတ်မြို့ရှိ ပုဂ္ဂလိကဘဏ်အချို့တို့တွင် တစ်ရက်လျှင် ငွေသိန်းနှစ်ဆယ်၊ သိန်းငါးဆယ်၊ သိန်းတစ်ရာ စသဖြင့် သတ်မှတ်ပြီး ထုတ်ယူနေရကြောင်း မြို့ခံအချို့က ပြောသည်။

“တစ်ရက်ကို နည်းနည်းစီထုတ်ပေးတာ။ တစ်ရက်နဲ့ တစ်ရက် ထုတ်ပေးတဲ့ငွေ ပမာဏမတူဘူး” ဟု ပုဂ္ဂလိကဘဏ်တစ်ခုတွင် ငွေသိန်းတစ်‌ထောင်ကျော် အပ်နှံထားသည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။

အပ်ငွေပမာဏအနည်းအများအပေါ်မူတည်ပြီး တစ်ရက်လျှင် ငွေဆယ်သိန်း၊ သိန်းငါးဆယ်၊ သိန်းတစ်ရာ စသဖြင့် သတ်မှတ်ချက်ဖြင့် ထုတ်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ထားဝယ်မြို့ရှိ ပုဂ္ဂလိကဘဏ်တို့တွင်လည်း တစ်ရက်လျှင် ငွေသိန်းနှစ်ဆယ်သာ ထုတ်‌ယူနေရကြောင်း ယင်းမြို့ခံအချို့က ဆိုသည်။

ယင်းကဲ့သို့ သတ်မှတ်ပြီး ငွေထုတ်ပေးရာတွင် ငွေထုတ်ယူရသည့်အကြောင်းအရင်းအား ပြောပြရခြင်းနှင့် အစစ်အဆေးအမေးမြန်းများရှိနေသည့်အတွက် ငွေမထုတ်ယူသူအချို့လည်း ရှိနေကြောင်း ထားဝယ်မြို့ခံအချို့က ပြောသည်။

“တစ်နေ့ကို ဘယ်လောက်ဆိုပြီး အတိအကျသတ်မှတ်ပြီး ထုတ်ပေးတာမျိုးမဟုတ်ပါဘူး။ Customer တွေနဲ့ညှိပြီး ထုတ်ပေးနေတာပါ။ အချို့ကလည်း ညှိလို့မရရင် လိုသလောက်ထုတ်ပေးလိုက်ရတာပေါ့” မြိတ်အခြေစိုက် ပုဂ္ဂလိကဘဏ်တစ်ခုမှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ထားဝယ်နှင့် မြိတ်မြို့တို့ရှိ ပုဂ္ဂလိကဘဏ်တို့တွင် နေ့စဉ် ငွေထုတ်သူများပြားလျက်ရှိပြီး ငွေလွှဲ၊ ငွေသွင်းသူပင် မတွေ့ရတော့ကြောင်း မြို့ခံအချို့ကပြောပြသည်။

“ဘဏ်တွေမှာ ငွေပြန်ထုတ်နေကြတဲ့သူတွေချည်းပဲ၊ နောက်ပိုင်းဆိုရင် ဘဏ်တွေကို ယုံကြည်မယ့်သူတောင် ရှိမယ်မထင်ပါဘူး” ဟု မြိတ်မြို့နေအသေးစားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့အား KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့နှင့် ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တို့က သိမ်းပိုက်နိုင်ခဲ့ပြီး ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တိုက်မှ ငွေကျပ်သိန်းပေါင်း ကိုး‌ထောင်ငါးဆယ်ကျော်အား သိမ်းဆည်းခဲ့သည်။

ယင်းကဲ့သို့ သိမ်းဆည်းခဲ့ကြောင်း သတင်းထုတ်ပြန်သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ နောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအနှံအပြားရှိ ပုဂ္ဂလိကဘဏ်များတွင်ငွေထုတ်ယူသူများပြားလာခဲ့ခြင်း ဖြစ်သည်။

ဘဏ်ရှိ ငွေထုတ်သူများပြားလာသူတို့အနက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဘဏ်များလည်း အပါအဝင်ဖြစ်သည်။

ဘဏ်များတွင် အပ်နှံထားသည့်ငွေသားအများအပြား ထုတ်ယူပါက စစ်ကောင်စီက အနီးကပ်စောင့်ကြည့်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က နိုဝင်ဘာလ တတိယပတ်အတွင်းက စစ်ကောင်စီအာဘော် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် သတိပေးပြောဆိုထားသည်။

ကျပ်သိန်းတစ်ရာနှင့်အထက် ငွေထုတ်ယူသူများအား စောင့်ကြည့်နေပြီး ငွေကြေး ကျပ်သန်း ၁၀၀ ထက်ကျော်လွန် ထုတ်ယူသည့်ပမာဏ အားလုံးအား ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့ (FIU) ထံပေးပို့ရမည်ဖြစ်ပြီး ငွေထုတ်များနေသည့်သူ အားလုံးကိုလည်း ဗဟိုဘဏ်၊ စသုံးလုံး၊FIU တို့ကစောင့်ကြည့်နေကြောင်း ပြောဆိုထားသည်။

မြိတ်တွင် မြန်မာ့အရှေ့တိုင်းဘဏ်၊ ရိုးမ၊ KBZ ၊ ဧရာ၀တီဘဏ်၊ AGDB ဘဏ်၊ CB ဘဏ် ၊ ယူနိုက်တက်အမရာဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ပထမပုဂ္ဂလိကဘဏ် စသဖြင့် ပုဂ္ဂလိကဘဏ်ခွဲ ဆယ်ခုထက်မနည်းရှိနေကြောင်း သိရသည်။